top of page

ယူရိုချန်ပီယံ စပိန်ကို ဂိုးမပေးဘဲ တားဆီးနိုင်ခဲ့တဲ့ ကိပ်ဗာဒီဂိုးသမားရဲ့ Instagram ဖော်လိုဝါ ၆ သန်းကျော် တိုးလာ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 16
  • 1 min read

VOC | 16 June 2026


၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ယူရိုချန်ပီယံ စပိန်အသင်းကို ဂိုးမရှိသရေကစားနိုင်အောင် စွမ်းဆောင်ခဲ့တဲ့ ကိပ်ဗာဒီဂိုးသမားကြီးဗိုဇင်ညာ (Vozinha) ကတော့ ကမ္ဘာ့ဖလားရဲ့ ရေပန်းအစားဆုံး သူရဲကောင်းတစ်ဦး ဖြစ်လာခဲ့ပါတယ်။

ပွဲမတိုင်ခင်တုန်းက Instagram ဖော်လိုဝါ ၄၅,၀၀၀ ခန့်ပဲရှိခဲ့တဲ့ အသက် ၄၀ အရွယ် ဗိုဇင်ညာဟာ ပွဲအပြီး နာရီပိုင်းအတွင်းမှာတင် ဖော်လိုဝါ ၆ သန်းကျော်အထိ အံ့အားသင့်ဖွယ် ခုန်တက်သွားခဲ့တာပါ။

ဒီပွဲမှာ အင်အားကြီး စပိန်အသင်းက ဂိုးကန်သွင်းမှု ၂၇ ကြိမ်၊ ဂိုးပေါက်တည့်မှု ၇ ကြိမ်နဲ့ xG လို့ခေါ်တဲ့ မျှော်မှန်းဂိုး ၂.၁၀ အထိ ရှိခဲ့ပေမယ့် ဗိုဇင်ညာက အကောင်းဆုံး လက်စွမ်းပြ တားဆီးနိုင်ခဲ့လို့ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမား (Man of the Match) ဆုကိုလည်း ရရှိသွားခဲ့ပါတယ်။

ကိပ်ဗာဒီအသင်းရဲ့ ပထမဆုံး ကမ္ဘာ့ဖလားပွဲစဉ်အပြီးမှာတော့ ဗိုဇင်ညာဟာ ကွင်းထဲမှာ မျက်ရည်ကျခဲ့ပြီး ကမ္ဘာတစ်ဝန်းက ဘောလုံးပရိသတ်တွေရဲ့ ချီးကျူးစာနာမှုကို ရရှိနေပါတယ်။

သူက “ကျွန်တော် ငိုခဲ့ပါတယ်။ ကျွန်တော်က အဖိုးအဖွားတွေနဲ့ ကြီးပြင်းခဲ့ရသူပါ။ ဒါပေမဲ့ အခု သူတို့ ဒီနေရာမှာ မရှိတော့ပါဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကွယ်လွန်သွားခဲ့ကြပါတယ်။ ကျွန်တော့်အမေကလည်း ဗီဇာနဲ့ ခရီးစရိတ်အတွက် ငွေမလုံလောက်တာကြောင့် ဒီကို မလာနိုင်ခဲ့ပါဘူး။ ဒီလို အောင်မြင်မှုမျိုး ရရှိချိန်မှာ သူတို့ မရှိနိုင်ခဲ့တာကို ကျွန်တော် အရမ်းဝမ်းနည်းမိပါတယ်” လို့ ပွဲအပြီးမှာသတင်းထောက်များကို ရင်ဖွင့်သွားခဲ့ပါတယ်။

“ဗိုဇင်ညာ” ဆိုတဲ့ နာမည်ကတော့ အမည်ရင်းမဟုတ်ဘဲ အဘိုးအဘွားတွေက ငယ်စဉ်က ခေါ်ဝေါ်ခဲ့တဲ့ နာမည်ပြောင်ဖြစ်ပြီး ပေါ်တူဂီဘာသာစကားနဲ့ “အဖွားလေး” လို့ အဓိပ္ပာယ်ရပါတယ်။ ဗိုဇင်ညာရဲ့ အမည်ရင်းကတော့ ဂျိုဆီမာ ဂျိုဇေး အီဗိုရာ ဒိုင်ယက်စ် (Josimar José Évora Dias) ဖြစ်ပါတယ်။

လူဦးရေ ၄ သိန်းခန့်ပဲ ရှိတဲ့ အတ္တလန္တိတ်သမုဒ္ဒရာအတွင်းက ကျွန်းနိုင်ငံ ကိပ်ဗာဒီဟာ ယခင် ပေါ်တူဂီကိုလိုနီဟောင်းဖြစ်ပြီး အာဖရိကနဲ့ ဥရောပ မျိုးနွယ်ပေါင်းစုံ ရောယှက်ဖွဲ့စည်းထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။ နိုင်ငံသားအများအပြား နိုင်ငံရပ်ခြားမှာ နေထိုင်ကြပြီး အမေရိကန်ပြည်ထောင်စု တစ်နိုင်ငံတည်းမှာတင် ကိပ်ဗာဒီမျိုးနွယ်ဝင် ၅ သိန်းခန့် ရှိနေတယ်လို့ ခန့်မှန်းထားကြပါတယ်။


Source: X, Espn, Fox Sport



 
 
 

Comments


bottom of page