ယောဒေသမှာ တိုက်ပွဲများပြင်းထန်နေတယ်လို့ ယောတပ်တော်(YA)အသိပေး
- thevoiceofchinland
- May 25
- 1 min read
VOC/ May 22, 2026
မကွေးတိုင်း၊ ယောဒေသကို ပေါက်–တပြင်း–ကျောက်ထု လမ်းမကြီးကနေ ကျူးကျော်ဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်ကြောင်းတွေကို ယောတပ်တော် (YA) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်လျက်ရှိပြီး နေ့စဉ် တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေတယ်လို့ ယောတပ်တော်က ဒီကနေ့ မေလ ၂၂ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
လက်ရှိမှာ စစ်ရေးတင်းမာနေတဲ့ အခြေအနေကြောင့် တပြင်း–ကျောက်ထု လမ်းပိုင်းကတိုက်ပွဲသတင်းတွေနဲ့ စစ်ရေး လှုပ်ရှားမှုတွေကို မီဒီယာထံဖြေကြားတာ၊ လှုပ်ရှားမှုပုံရိပ်တွေကို လူမှုကွန်ရက်တွေမှာ ဖော်ပြခြင်းမပြုလုပ်ဖို့ ယော တပ်တော်က အသိပေးထားပါတယ်။
စစ်ရေးကာလအတွင်း သတင်းထုတ်ပြန်ဖို့လိုအပ်လာပါက တပ်ပေါင်းစုအနေဖြင့် သတင်းလုံခြုံမှုကို အဓိကထားပြီး တရားဝင် ထုတ်ပြန်သွားမယ်လို့ဆိုပါတယ်။
သတင်းမီဒီယာတွေနဲ့ တစ်ဦးချင်း သီးသန့် အင်တာဗျူးတွေဖြေကြားမှာမဟုတ်ဘဲ မိမိတို့ထုတ်ပြန်ချက်သာ အတည်ပြု ဖြစ်တယ်လို့ယောတပ်တော်ကပြောပါတယ်။
စစ်ရေးပြင်းထန်နေတဲ့ ကာလအတွင်းမှာ သတင်းမီဒီယာတွေအနေနဲ့လည်း သတင်းလုံခြုံမှုကို အဓိကထားပြီး ပူးပေါင်း ဆောင်ရွက်ကြဖို့ ယောတပ်တော်က မေတ္တာရပ်ခံထားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ပြီးခဲ့တဲ့ဧပြီလကတည်းကနေ ချင်း-မကွေးအစပ်ယောဒေသဘက်ကို စစ်အင်အားရာချီဖြည့် တင်းခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ထိန်းချုပ်ထားတဲ့ဒေသတွေကို ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။






Comments