top of page

ယောဒေသတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၈၀ ကျော်သေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရဟု ယောတပ်တော် ထုတ်ပြန်

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 2
  • 1 min read

VOC/ June 1, 2026


မကွေးတိုင်း ယောဒေသကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် နဲ့ တိုက်ပွဲဖြစ်ပွားရာမှာ အကြမ်းဖက်စစ်သား ၈၀ ကျော်သေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရရှိတယ်လို့ ယောတပ်တော်(Yaw Army) က သတင်းထုတ်ပြန်ပါတယ်။

ပေါက်မြို့နယ်အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ- ၂၄ ကနေ မေလ ၁၁ ရက် နဲ့ ၂၂ ရက်နေ့က ထွက်လာတဲ့ အင်အား ၁၀၀၀ ကျော်ပါတဲ့ အကြမ်း ဖက်စစ်ကြောင်းဟာ ယောဒေသ ပုံတောင်နတ်ထိပ်ကို ဝင်ရောက်လာတဲ့အချိန် မေလ ၁၃ ရက်နေ့ကနေ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြတာလို့ ယောတပ်တော်ကပြောပါတယ်။

မေလ ၁၃ ရက်ကနေ ဒီကနေ့ချိန်ထိ တိုက်ပွဲအပေါင်း အကြိမ် ၁၀၀ ထက်မနည်းဖြစ်ပွားခဲပြီး တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေရှိသလို အကြမ်းဖက်စစ်တပ်ဘက်က ၈၀ ကျော်သေဆုံးပြီး၊ ၁၀၀ ကျော် ဒဏ် ရာရရှိခဲ့တယ်လို့ ယောတပ်တော်ကပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေစဉ် ကာလတစ်လျှောက်မှာ အကြမ်းဖက်စစ်သားတွေက အပြစ်မဲ့အရပ်သားပြည်သူတွေကို လူသား ဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ကာ ညှင်းပန်းနှိပ်စက်သတ်ဖြတ်တာ၊ ကျေးရွာအတွင်း ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူတာ၊ နေအိမ်တွေမီးရှို့တာ၊ လေကြောင်းဖြင့် စစ်ဘေးရှောင်နေရာတွေကို အကြိမ်ကြိမ်ဗုံးကျဲတိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုတွေ ကို ပြောင်ပြောင်တင်းတင်း ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ယောတပ်တော်အနေနဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး ၊ ယောဒေသနှင့်မြန်မာတစ်နိုင်ငံ လုံးလွတ်မြောက် ရေးအတွက် ရွပ်ရွပ်ချွံချွံ အစွမ်းကုန် တိုက်ပွဲဝင်သွားမယ်လို့ဆိုပါတယ်။

တိုက်ပွဲတွေဆက်လက် ပြင်းထန်လာနိုင်တဲ့အတွက် တော်လှန်ပြည်သူလူထုတွေအနေဖြင့် ကြိုတင်ပြင်ဆင်ထားကြဖို့၊ ဘေးကင်းလုံခြုံရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ကြဖို့ ယောတပ်တော်( YA) က တိုက်တွန်းထားပါတယ်။



 
 
 

Comments


bottom of page