top of page

မတရားဖမ်းဆီးအကျဉ်းချခံနေရတဲ့ Myanmar Now သတင်းထောက် ကိုစိုင်းဇော်သိုက် RSF က ချီးမြှင့်တဲ့ ရဲစွမ်းသတ္တိဆုရရှိ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 2
  • 1 min read

VOC/ June 2, 2026


အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီးအကျဉ်းချထားတဲ့ Myanmar Now ရဲ့ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော် သိုက်ကို နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က Courage Prize (ရဲစွမ်းသတ္တိဆု) ချီးမြှင့်လိုက်ပါတယ်။

ပြင်သစ်နိုင်ငံ မာဆေးလ်းမြို့မှာ ဇွန်လ ၁ ရက်နေ့ကကျင်းပသွားတဲ့ (၃၄) ကြိမ်မြောက် နယ်စည်းမခြားသတင်းထောက် များအဖွဲ့ (RSF)ရဲ့ သတင်းလွတ်လပ်ခွင့် ဆုပေးပွဲအခမ်းအနားမှာ ကိုစိုင်းဇော်သိုက်ကို Courage Prize (ရဲစွမ်းသတ္တိဆု) ချီးမြှင့်လိုက်တာဖြစ်ပါတယ်။

ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ဟာ ၂၀၁၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကို မှတ်တမ်းတင်လာခဲ့သူဖြစ်ပါတယ်။

ပြည်တွင်းမှာ စွန့်စားရမှုတွေ ရှိနေပေမယ့်လည်း ပြည်ပသို့မထွက်ခွာဘဲ စစ်တပ်ရဲ့ အကြမ်းဖက် နှိပ်ကွပ်မှုတွေကို လျှို့ဝှက်စွာ ဆက်လက်မှတ်တမ်းတင်ခဲ့တယ်လို့ RSF က ပြောပါတယ်။

၂၀၂၃ ခုနှစ် မေလတုန်းက မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံး မှုတွေအတွက် ရခိုင်ပြည်နယ်သို့ သတင်းသွားရောက်ယူခဲ့စဉ် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံခဲ့ရတာလို့ RSF က ထုတ်ပြန်ပါတယ်။

စစ်အာဏာရှင်ရဲ့ ဖိနှိပ်ချုပ်ချယ်မှုအောက်မှာ အသက်အန္တရာယ်ကြားကနေ မြေပြင်အရှိတရားတွေကို သတ္တိရှိရှိ မှတ်တမ်းတင်ခဲ့တဲ့ ကိုစိုင်းဇော်သိုက်ရဲ့ ကြိုးပမ်းမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ အခုလို RSF ရဲ့ ဂုဏ်ထူးဆောင် "ရဲစွမ်းသတ္တိဆု" ကို ချီးမြှင့်လိုက်တာ ဖြစ်တယ်လို့သိရပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံအတွင်း အန္တရာယ်အရှိဆုံး ခြိမ်းခြောက်ခံနေရတဲ့ သတင်းထောက် တွေထဲက တစ်ဦးဖြစ်ပြီး နာမည်ဆိုးဖြင့်ကျော်ကြားတဲ့ ရန်ကုန်မြို့ အင်းစိန်ထောင်မှာ ထိန်းသိမ်းထားပြီး ထောင်အာဏာ ပိုင်တွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံနေရတယ်လို့လည်း RSF က ဖော်ပြထားပါတယ်။



 
 
 

Comments


bottom of page