မတူပီမှာ အကြမ်းဖက်စစ်တပ်ဗုံးကြဲမှုကြောင့် လသားရွယ်ကလေးငယ် ဗုံးလန့်ပြီးသေဆုံး
- thevoiceofchinland
- May 25
- 1 min read
VOC/ May 21, 2026
ချင်းပြည်တောင်ပိုင်း မတူပီမြို့ကို အကြမ်းဖက်စစ်တပ်က ဖျက်အားပြင်းဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်ရာမှာ ဗုံးအရှိန်ကြောင့် လသာရွယ်ကလေးငယ်တစ်ဦးဗုံးလန့်ပြီး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
မေလ ၁၉ ရက်ည ၁၁ နာရီဝန်းကျင် လူအများအိပ်မောကျချိန်မှာ အကြမ်းဖက်စစ်တပ်က မတူပီမြို့ပေါ် စံဘောင်ရပ် ကွက်ထဲကို ၂ ကြိမ်ဗုံးကြဲခဲ့တာဖြစ်ပါတယ်။
ပြင်းထန်တဲ့ ပေါက်ကွဲအား နဲ့ ကျယ်လောင်စွာထွက်ပေါ်လာသောဗုံးသံကြောင့် မွေးဖွားတာ ရက်ပိုင်းပဲရှိသေးတဲ့ ကလေးငယ်တစ်ဦးသေဆုံးခဲ့ရတာလို့ မတူပီအခြေစိုက် The Matupi Times ကဖော်ပြပါတယ်။
ကလေးငယ်ကို ဆေးရုံသို့ပို့ဆောင်ခဲ့ကြပေမယ့် မေလ ၂၀ ရက်နေ့မှာဆုံးပါးသွားတယ်လို့ ဆိုပါတယ်။
ဆုံးပါးသွားတဲ့ ကလေးငယ်ဟာ မတူပီမြို့နယ် လွီဗန်းဒေသခံ ဦးဆလိုးရဲ့သမီးလေးဖြစ်ပြီး ဗုံးပေါက်ကွဲမှုဖြစ်ပွားတဲ့ အနီးရပ်ကွက်တခုမှာ နေထိုင်ကြတာလို့သိရပါတယ်။
မေလ ၁၉ ရက်ညက ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ စံဘောင်ရပ်ကွက် ဂေါက်ကွင်းအနီး မိုးလုံလေလုံ အားကစားရုံ ထိခိုက်ပျက်စီးသွားသလို အောက်နားက အထက(၂)ကျောင်းလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။
ဓာတ်ပုံ- The Matupi Times




Comments