top of page

မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံချက်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၁၀၀၀ ကျော်ကျူးလွန်၊ အစုလိုက်အပြုံလိုက်သတ်မှု၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄၀၀ ကျော်သေဆုံး

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jul 3
  • 1 min read

VOC/ June 3, 2026


အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံချက်အတွင်းမှာ လူ့အခွင့်အရေးချိုး ဖောက်မှုဖြစ်စဉ်ပေါင်း ၁၀၀၀ ကျော်အထိ ကျူးလွန်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG အစိုးရ လူ့အခွင့် အရေးဝန်ကြီးဌာနက မနေ့ကထုတ်ပြန်ပါတယ်။

အရပ်သားအစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရွေးကောက်ပွဲအတုကျင်းပပြီး နောက် မိမိကိုယ်ကိုသမ္မတအဖြစ်ရွေးကောက်တင်မြောက်ကာ နိုင်ငံတကာကို လှည့်စားဖို့ ရက် ၁၀၀ စီမံချက်ကို အပူတပြင်း အကောင်အထည်ဖော်ဆောင်နေတာဖြစ်ပါတယ်။

မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံချက်ဟာ အခုဆိုရင် ရက်ပေါင်း ၇၀ ကျော်ရှိလာနေပြီး အဲဒီကာလအတောအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၁၀၄၅ မှုအထိ ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးဝန်ကြီးဌာနက ဆိုပါတယ်။

လူ့အခွင့်အရေးဝန်ကြီးဌာနက ဧပြီလ ၂၀ ရက်ကနေ ဇွန်လ ၃၀ ရက်အထိကောက်ယူတဲ့မှတ်တမ်းတွေအရ အကြမ်းဖက် စစ်တပ်ဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ၊ စစ်ရှောင်စခန်းနဲ့ ကျေးရွာ တွေကို ဒရုန်း၊ လေကြောင်းတွေနဲ့ စနစ်တကျ ဗုံးကြဲတိုက်ခိုက်မှုတွေအပြင် ပြည်သူလူထုရဲ့ အိုးအိမ်တွေနဲ့ အရပ်ဘက် အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးတဲ့ စစ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။

ဒီကာလအတောအတွင်းမှာ အကြမ်းဖက်စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၁၄၇ ကြိမ်ပြုလုပ်ခဲ့ပြီး အသက် ၁၈ နှစ်အောက်ကလေးငယ်တွေအပါအဝင် ပြည်သူ ၂၇၇ ဦး သေဆုံးခဲ့ရပြီး ၄၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ဖြစ်စဉ်ပေါင်း ၂၀ အထိရှိပြီး စုစုပေါင်းသေဆုံးသူ ၁၆၂ ဦးရှိခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်အစိုးရဟာ ‘ရက် ၁၀၀ စီမံချက်’ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၀ ရက်မှာ ကြေညာခဲ့ပြီး စီမံချက်ရဲ့နောက်ဆုံးရက်ကို ဇူလိုင်လကုန်အဖြစ် သတ်မှတ်ထားပါတယ်။

တကယ်တော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံချက်ဆိုတာ ပြည်သူတွေအတွက် ဘဝပျက်၊ အိုးအိမ်မဲ့ပြီး အသက်ပေါင်းများစွာစတေးနေရတဲ့ “ ရက်စက်မှု ရက် ၁၀၀” သာဖြစ်တယ်လို့ လူ့အခွင့်အရေး ဝန်ကြီးဌာနကဆိုပါတယ်။

ဒါကြောင့် အပြစ်မဲ့ ပြည်သူတွေကို ပစ်မှတ်ထားနေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ဝေဟင်တိုက်ခိုက်မှုတွေ ချက်ချင်း ရပ်တန်နိုင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အကြမ်းဖက်စစ်အုပ်စုထံ စီးဆင်းနေတဲ့ ဂျက်လေယာဉ်ဆီ ထောက်ပံ့ရေးလမ်းကြောင်းတွေ နဲ့ ဘဏ္ဍာရေးအရင်းအမြစ်တွေကို အချိန်မဆွဲဘဲ ထိရောက်ပြတ်သားစွာ ပိတ်ဆို့အရေးယူပေးဖို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တောင်းဆိုထားပါတယ်။




 
 
 

Comments


bottom of page