top of page

မင်းအောင်လှိုင်နဲ့အကြမ်းဖက်စစ်အုပ်စုကို အိန္ဒိယက တရားဝင်မှုပေးနေတဲ့အပေါ် အာဆီယံလူ့အခွင့်အရေးဆိုင်ရာ လွှတ်တာ်အမတ်များအဖွဲ့က ပြင်းထန်စွာကန့်ကွက်

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 2
  • 1 min read

|| မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံရဲ့ တရားဝင်သမ္မတမဟုတ်ဟု ဆို


VOC/ June 1, 2026

စစ်ခေါင်းမင်းအောင်လှိုင်နှင့် အကြမ်းဖက်စစ်အုပ်စုကို အိန္ဒိယအစိုးရက တရားဝင်မှုပေးနေတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ အာဆီယံလူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) က ယနေ့မှာ ထုတ်ပြန် ပါယ်။

မြန်မာနိုင်ငံရဲ့ တရားမဝင်ခေါင်းဆောင်ဖြစ်သူ မင်းအောင်လှိုင်ရဲ့ မေလ ၃၀ ရက်ကနေ ဇွန်လ ၃ ရက်အထိ အိန္ဒိယနိုင်ငံ သို့ သွားရောက်တဲ့ ခရီးစဉ်မှာ အိန္ဒိယအစိုးရက တရားဝင်မှုပေးနေခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး ဝန်ကြီး ချုပ် ရှရီ နရင်ဒရာ မိုဒီအနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို အသိအမှတ်ပြုထားခြင်းကနေ ပြန်လည်ရုပ်သိမ်းရန်နှင့် မြန်မာပြည်သူလူထုရဲ့ ဒီမိုကရေစီဆန္ဒများကို လေးစားလိုက်နာရန် APHR က ပြင်းပြင်းထန်ထန် တိုက်တွန်းလိုက် ပါတယ်။

“မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံရဲ့ တရားဝင်သမ္မတ မဟုတ်ပါဘူး။ သူဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက် ထားတဲ့ အစိုးရကို ဖြုတ်ချခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူဖြစ်ပြီး၊ အာဏာသိမ်းပြီး ကတည်းက သူ့ပြည်သူတွေအပေါ် အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုတွေကို ဦးဆောင်ကျူး လွန်နေသူ ဖြစ်ပါတယ်” ဟု အင်ဒိုနီးရှားလွှတ်တော်အမတ်လည်းဖြစ် APHR ဥက္ကဌ မာစီ ခရစ္စတီ ဘာရန်းစ် ကပြောပါတယ်။

အိန္ဒိယရဲ့ နိုင်ငံခြားရေးမူဝါဒတွေဖြစ်တဲ့ 'အိမ်နီးချင်းပထမ မူဝါဒ' (Neighborhood First Policy) နှင့် 'အရှေ့မျှော် မူဝါဒ' (Act East agenda) တို့ဟာ ဒေသတွင်း တည်ငြိမ်မှု၊ ယုံကြည်မှုနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေး စည်းမျဉ်းတွေ အပေါ်အခြေခံထားတာဖြစ်တယ်လို့ ဆိုပါတယ်။

အရပ်သားပြည်သူ ၇,၇၀၀ ကျော်ကို သတ်ဖြတ်တာ၊ ကျေးရွာများကို ဗုံးကြဲတာ၊ ပြည်သူများကို အဓမ္မစစ်မှုထမ်းခိုင်း တာနဲ့ လူပေါင်းသိန်းချီကို နေရပ်စွန့်ခွာ ထွက်ပြေးစေခဲ့တာတွေကို ပြုလုပ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တစ်ဦးကို သံတမန်ရေးအရ ဧည့်ဝတ်ပြု ကြိုဆိုခြင်းဟာ အိန္ဒိယရဲ့ ဘယ်မူဝါဒကိုမှ အထောက်အပံ့မဖြစ်စေဘူးလို့ ပါလီမန်အမတ်များအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို ပုံမှန်အခြေအနေအတိုင်း တရားဝင်မှုရစေဖို့ အကန့်အသတ်နဲ့ဖြစ်စေ၊ တဖြည်းဖြည်းချင်းဖြစ်စေ ဆောင်ရွက်မှုတွေဟာ စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေအပေါ် အားပေးအားမြှောက်ပြုခြင်းဖြစ်ပြီး မြန်မာလူထုကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခကို ပိုမိုရှည်ကြာစေတယ်လို့ ပါလီမန်အမတ်များအဖွဲ့က ပြောပါတယ်။

ကမ္ဘာ့အကြီးဒီမိုကရေစီနိုင်ငံဖြစ်သလို အာဆီယံရဲ့ ဆွေးနွေးဖက်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယအနေနဲ့ ဒီမိုကရေစီ စံတန်ဖိုးတွေကို ထင်ဟပ်စေတဲ့ နည်းလမ်းတွေအတိုင်း လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ အာဆီယံလူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ပြောဆိုထားပါတယ်။



 
 
 

Comments


bottom of page