မင်းတပ်မြို့အရှေ့ခြမ်းကို ကျောက်ထုအမြောက်တပ်ကနေ ဟောင်ဝစ်ဆာနဲ့ပစ်ခတ်၊ ကန်ပက်လက် နဲ့ မတူပီမြို့ လေကြောင်းဖြင့် ဆက်လက်တိုက်ခိုက်
- thevoiceofchinland
- May 29
- 1 min read
VOC/ May 28, 2026
ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့အရှေ့ခြမ်းတစ်နေရာကို မကွေးတိုင်း ကျောက်ထုမြို့အခြေစိုက် အမြောက်တပ် (၃၆၈) ကနေ ဟောင်ဝစ်ဆာဖြင့် ယနေ့နေ့လည် ၁၂ နာရီဝန်းကျင်မှာ ၂ ကြိမ်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။
ယနေ့ညနေပိုင်း ၃ နာရီ ၂၀ မိနစ်ခန့်မှာ ကန်ပက်လက်မြို့တစ်နေရာကို ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်၊ ဗုံး ၄ လုံးကြဲချခဲ့သလို အလားတူ မတူပီမြို့နယ်တစ်နေရာကိုလည်း လေကြောင်းတိုက်ခိုက်သွားတယ်လို့ ချင်းတောင်ပိုင်းလေကြောင်းတိုက် ခိုက်မှုအခြေအနေကို ပုံမှန်ဖော်ပြနေတဲ့ HKL ကဖော်ပြပါတယ်။
ညနေပိုင်း ၅ နာရီဝန်းကျင်မှာလည်း ဆော-ကန်ပက်လက်အစပ်မှာ Y12 ထောက်ပို့လေယာဉ်ဖြင့် ခဲယမ်းရိက္ခာထုတ်တွေ ချပေးခဲ့သလို ကျောက်ထုမှာလည်း ရိက္ခာထုတ်တွေချပေးခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် အရင်ရက်တိုက်ပွဲတုန်းက ဒဏ်ရာရရှိတဲ့ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းမှူးအပါအဝင် တပ်သား ၅၀ ဝန်းကျင်ကိုလည်း ဆေးကုသမှုခံယူရန် ကျောက်ထုလေယာဉ်ကွင်းလာရောက်ခေါ်ယူသွားတယ်လို့ သိရပါတယ်။
ယောဒေသ ကျောက်ထုမြို့ကို ရောက်ရှိနေတဲ့ အင်အား ၁၀၀၀ ခန့်ရှိသော အကြမ်းဖက်စစ်ကြောင်းဟာ မင်းတပ်မြို့ ဘက်ကို ဦးတည်လာဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။ အဲဒီစစ်ကြောင်းမှာ တပ်သားစုဆောင်းခံရသူ ချင်းလူငယ်အချို့ ၊ အခြားတပ်ရင်းက ချင်းတပ်ကြပ်ကြီးများ ၈၀ ဝန်းကျင်ခန့်ပါဝင်တယ်လို့ကြားသိရကြောင်း HKL ကဖော်ပြပြီး VOC နေဖြင့် သီးခြားအတည်ပြုလို့တော့မရပါဘူး။
ယခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်တပ်က ချင်းတောင်ပိုင်းဒေသကို အပြင်းအထန်လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် ပြည်သူတွေ လေကြောင်းရန်သတိရှိကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါ တယ်။
ဓာတ်ပုံ- HKL Mindat







Comments