top of page

မင်းတပ် နဲ့ ကန်ပက်လက်မြို့အနီးတိုက်ပွဲမှာ အကြမ်းဖက်စစ်သားရာနဲ့ချီသေဆုံး၊ စစ်သုံ့ပန်း နဲ့ လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းရမိ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jul 2
  • 1 min read

VOC/ July 2, 2026


ချင်းပြည်တောင်ပိုင်း၊ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို တစ်လကျော်ကြာတိုက်ခိုက်ရာမှာ အကြမ်းဖက်စစ်သား ရာနဲ့ချီသေဆုံးပြီး ဖွဲ့စည်းပုံပျက်ကာ တပ်လန်ကျသွားတယ် လို့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) က ဒီကနေ့ ဇူလိုင် ၂ ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။

မကွေးတိုင်း ယောဒေသ၊ ဆောနယ်ကိုဖြတ်ပြီး အင်အားထောင်ချီဖြင့် ကျူးကျော်ဝင်ရောက်လာတဲ့ အာဏာသိမ်း ဖက်ဆစ်အကြမ်းဖက်စစ်တပ်ကို ချင်းပြည်သူ့တပ်မတော်(CPA)နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေက ဟန်ချက်ညီညီ၊ စည်းစည်းလုံးလုံးဖြင့် တစ်လကျော်ကြာတဲ့အထိ စစ်ရေးအသာစီးဖြင့် တိုက်ပွဲဆင်နွှဲလျက်ရှိတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ မေလ (၁၆) ရက်နေ့ကစလို့ ကန်ပက်လက်၊ မင်းတပ်မြို့နယ်တွေကို ပြည်သူ့စစ် အများ အပြားပါဝင်တဲ့ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ အင်အားထောင်ချီသော နယ်မြေကျူးကျော် စစ်ကြောင်းတွေကို ချင်းပြည်သူ့ တပ်မတော် (CPA)၊ ယောဒေသမှ တော်လှန်ရေးတပ်တွေဖြစ်တဲ့ (YDF)၊ (YA) အပါအဝင် မဟာမိတ် တပ်တွေ အတူတကွ လက်တွဲပြီး ဟန့်တားတိုက်ခိုက်တာ၊ တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ချေမှုန်းခဲ့ကြရာမှာ ရန်သူ့စစ်ကြောင်းမှာ ရာချီကျဆုံးပြီး ဖွဲ့စည်းပုံပျက်ကာ တပ်လန်ကျခဲ့ရတယ်လို့ CPU/CPA က ဆိုပါတယ်။

တစ်လကျော်ကြာလာပြီဖြစ်တဲ့ ပြင်းထန်တဲ့ တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်သားအလောင်း ၂၀ ကျော် နဲ့ သုံ့ပန်း ၈ ယောက်အပါအဝင် လက်နက်ခဲယမ်း အမြောက်အများနဲ့ စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ တယ်လို့ သိရပါတယ်။ ဒါ့အပြင် အင်အား ရာနှင့်ချီလည်း ထိခိုက်မှုများခဲ့တယ်လို့ သိရပါတယ်။

မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်း ဖက်ဆစ်အကြမ်းဖက် စစ်ရာဇဝတ်တပ်ဟာ စစ်ရေးပစ်မှတ်၊ အရပ် ဖက်ပစ်မှတ် မခွဲခြားဘဲ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ရမ်းသန်းပစ်ခတ်မှုတွေ နေ့စဉ်ရက်ဆက် ကျူးလွန်နေ ပြီး အများပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်စည်းစိမ်တွေ နေ့စဉ်ထိခိုက်လျက်ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘာသာရေးအဆောက်ဦး၊ ပြည်သူ့နေအိမ်တွေ ထိခိုက်ပျက်စီးနေသလို အမျိုးသမီးနှင့် ကလေးသူငယ်အပါ အဝင် အပြစ်မဲ့ အရပ်သားပြည်သူတွေလည်း ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုတွေရှိနေတယ်လို့ သိရပါတယ်။

ချင်းပြည်သူ့အစည်းအရုံး၊ ချင်းပြည်သူ့တပ်မတော် (CPU/CPA) အနေနဲ့ မဟာမိတ် ပူးပေါင်းတပ်တွေ၊ ပြည်သူလူထု နဲ့အတူလက်တွဲပူးပေါင်းကာ နယ်မြေကျူးကျော် လာတဲ့ ဖက်ဆစ်အကြမ်းဖက်စစ်တပ်ကို အရှိန်အဟုန်မြှင့် နည်းလမ်းပေါင်းစုံဖြင့် အဆုံးထိ ခုခံတွန်းလှန်သွားဖို့ သန္နိဋ္ဌာန်ချထားတယ်လို့ဆိုပါတယ်။

ကျရာတာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နေကြတဲ့ မိဘပြည်သူတွေနဲ့ တိုက်ပွဲအတွင်း မြင့်မြတ်စွာ အသက်ပေးလှူ သွားခဲ့ကြတဲ့ အာဇာနည်သူရဲကောင်း ရဲဘော်အပေါင်းကို ဦးညွှတ်ဂုဏ်ပြု မှတ်တမ်းတင်ကြောင်းလည်း CPU/CPA က ထုတ်ပြန်ထားပါတယ်။



 
 
 

Comments


bottom of page