top of page

မင်းတပ်နဲ့ ကန်ပက်လက်မြို့ကို အကြမ်းဖက်စစ်တပ်က အင်အား ၂၀၀၀ ဝန်းကျင်ဖြင့် ထိုးစစ်ဆင်၊ စစ်မြေပြင်မှာအထိနာလို့ လေကြောင်းဖြင့် အကြိမ်ပေါင်းများစွာဗုံးကြဲတိုက်ခိုက်

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 5
  • 1 min read

VOC/ June 4, 2026


ချင်းပြည်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တို့ကို အကြမ်းဖက်စစ်တပ်က အင်အား (၂၀၀၀) ဝန်းကျင်ဖြင့် စစ်ကြောင်းထိုး ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး CPU/CPA က ဒီကနေ့ညပိုင်းမှာထုတ်ပြန်လာပါတယ်။

အကြမ်းဖက်စစ်တပ် နဲ့ ချင်းပြည်သူ့တပ်မတော်၊ မဟာမိတ်ပူးပေါင်းတပ်တွေဟာ မေလလယ်ဝန်းကျင်ကစလို့ ထိတွေ့တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ချင်းပြည်သူ့တပ်မတော်(CPA)နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်တွေကို အောင်မြင်စွာ ခုခံဟန့်တားထားပြီး စစ်မြေပြင်မှာ အခြေအနေမကောင်းတဲ့အကြမ်းဖက်စစ်တပ်ဟာ တိုက်လေယာဉ်၊ Y 12 လေယာဉ် တွေနဲ့ အကြိမ်ပေါင်းများစွာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေတယ်လို့ CPU/CPA ကပြောပါတယ်။

တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး သတင်းမှား၊ ကောလာဟလသတင်းတွေ၊ အတည်မပြုနိုင်တဲ့သတင်းမှားတွေ အွန် လိုင်းပေါ်မှာ ပျံ့နှံ့လျက်ရှိပြီး အဆိုပါသတင်းမှားတွေဟာ အများပြည်သူ စိုးရိမ်ထိတ်လန့်စေမှုတွေ ဖြစ်စေတဲ့အပြင် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုလည်း ဖြစ်စေတာကိုတွေ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းတွေက တိုက်ပွဲနဲ့သက်ဆိုင်တဲ့ထုတ်ပြန်တဲ့ တရားဝင်ထုတ်ပြန်ချက်တွေကိုသာ စောင့်မျှော်နားစွင့်ကြဖို့ CPU/CPA က တိုက်တွန်းထားပါတယ်။

ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်အနေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်နဲ့ ဘိုးဘွားပိုင် ရေမြေ တောတောင်တွေကို အစွမ်းကုန်ကာကွယ်သွားမှာဖြစ်ပြီး ထိုးစစ်ဆင် ဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်တပ်ကို ခုခံတွန်းလှန်မောင်းထုတ်ရာမှာ ပြည်သူတွေအနေနဲ့ ကျရာကဏ္ဍအသီးသီးမှာ မိမိတို့တတ်စွမ်းသည့်အလျောက် တတပ်တအား အားပေးကူညီ ပူးပေါင်းပါဝင်ကြဖို့လည်း အလေးအနက် တိုက်တွန်းနှိုးဆော်ထားပါတယ်။



 
 
 

Comments


bottom of page