top of page

မင်းတပ် နဲ့ ကန်ပက်လက်ကို အကြမ်းဖက်စစ်တပ်က တစ်ရက်တည်းဗုံးအလုံး ၇၀ ကျော်ကြဲချပြီး ပြင်းပြင်းထန်ထန်တိုက်ခိုက်

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 25
  • 1 min read

VOC/ June 21, 2026


ချင်းပြည် မင်းတပ် နဲ့ ကန်ပက်လက်မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်လုပ်ပြီး ဒီကနေ့ တစ်ရက်တည်းမှာပင် ဗုံးအလုံး ၇၀ ကျော်ကြဲချခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ဇွန်လ ၂၁ ရက် တနင်္ဂနွေ မနက် ၁၁ နာရီ ၄၆ မိနစ်မှ နေ့လယ် ၁၂ နာရီ ၅၄ မိနစ်အကြားမှာ မင်းတပ်မြို့အနီး တဝိုက်ကို တံတားဦးလေတပ်ကနေတက်လာတဲ့ Y12 လေယာဉ်ဖြင့် ၅ လုံးတွဲဗုံး ၁၇ ကြိမ်၊ ဗုံးအလုံးရေ ၆၀ ကျော် ကြဲချခဲ့တယ်လို့ မင်းတပ်ဒေသခံကပြောပါတယ်။

အဲဒီနောက် ညနေပိုင်း ၆ နာရီ ၂၀ မိနစ်ကနေ ၆ နာရီ ၄၈ မိနစ်အကြားမှာလည်း တံတားဦးလေတပ်ကနေတက်လာတဲ့ Y12 လေယာဉ်ဖြင့် မင်းတပ်မြို့အရှေ့ခြမ်းတစ်နေရာကို ၃ လုံးတွဲဗုံး ၅ ကြိမ်၊ ဗုံး ၁၅ လုံးထပ်မံကြဲချခဲ့တယ်လို့ သိရပါတယ်။

အလားတူ အဆိုပါ Y12 လေယာဉ်က ကန်ပက်လက်မြို့တစ်နေရာကို ညနေပိုင်း ၅ နာရီဝန်းကျင်မှာ ဗုံး ၆ လုံး ကြဲချခဲ့ တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယခုည ၈ နာရီခွဲ ဝန်းကျင်မှာလည်း ဂျက်ဖိုက်တာတစ်စီးက ကန်ပက်လက်မြို့အရှေ့ခြမ်းတစ်နေရာကို ဗုံး ၄ လုံးကြဲချသွားတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မင်းတပ် နဲ့ ကန်ပက်လက်မြို့တို့ကို အပြင်းအထန်ထိုးစစ်ဆင်နေတာကြောင့် နေ့စဉ်နဲ့အမျှ လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲနေတာဖြစ်ပါတယ်။

ဇွန်လ ၁၉ ရက်နေ့ကလည်း ကန်ပက်လက်မြို့နယ် ကျင်ဒွေး မြို့လေကြောင်းတိုက်ခိုက်မှုမှာ အရပ်သားပြည်သူ ၆ ဦးသေဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ပါတယ်။



 
 
 

Comments


bottom of page