မင်းတပ်ကို ရက်ပေါင်း ၇၀ ကျော်အတွင်းမှာ အကြမ်းဖက်စစ်တပ်က အကြိမ်ပေါင်း ၄၄၀ ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့
- thevoiceofchinland
- Jun 25
- 1 min read
VOC/ June 22, 2026
ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့ကို အကြမ်းဖက်စစ်တပ်က ရက်ပေါင်း ၇၀ ကျော်အတွင်းမှာ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ၄၄၀ ကြိမ်ပြုလုပ်ခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ကထုတ်ပြန်ပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ရဲ့ ကောက်ယူထားတဲ့မှတ်တမ်းအရ ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်ကနေ ဇွန်လ ၂၂ ရက်နေ့ အထိ ရက်ပေါင်း ၇၃ ရက်အတွင်းမှာ အကြမ်းဖက်စစ်တပ်က မင်းတပ်မြို့ကို ၄၄၀ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။
လေကြောင်းပျံသန်းမှု ၁၆၈ ကြိမ်ခန့်ရှိခဲ့ပြီး ဇွန်လ ၂၁ တရက်တည်းမှာတင် ဗုံးကြဲတိုက်ခိုက်မှု ၉၁ ကြိမ်အထိအမြင့်ဆုံး ရှိခဲ့တယ်လို့ ဆိုပါတယ်။
စုစုပေါင်း ဗုံးကြဲတိုက်ခိုက်မှုအားလုံးရဲ့ ၄၅ ရာခိုင်နှုန်းဟာ လေးရက်တာကာလအတွင်းမှာတင် ဖြစ်ပွားခဲ့တာလို့ CHRO ကဖော်ပြပါတယ်။
ဒီတိုက်ခိုက်မှုအများစုမှာ Y-12 လေယာဉ်တွေကို အသုံးပြုပြီး မင်းတပ်မြို့နယ်နဲ့ ပတ်ဝန်းကျင်ဒေသက အရပ်သား ပစ်မှတ်အဆောက်အအုံတွေကို ရမ်းသန်းဗုံးကြဲခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
မင်းတပ်မြို့ခံပြည်သူတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်သွားကြပြီး နေအိမ်တွေပဲ ကျန်ရစ်ခဲ့ပေမယ့် ဗုံးတွေကတော့ ဆက်လက်ကျရောက်နေဆဲပဲလို့ CHRO ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဘာသာရေးအဆောက်အအုံတွေအပါအဝင် လူနေအိမ်အမြောက်အများကို ပစ်မှတ်ထားကာ စည်းကမ်းမဲ့ လေကြောင်းဖြင့် တိုက်ခိုက်နေတာဖြစ်ပြီ ဒါဟာ မြေပြင်မှာသိမ်းပိုက်ဖို့ ခက်ခဲနေတာကို လေကြောင်း အင်အားဖြင့် ရယူဖို့ ကြိုးပမ်းခြင်းသာ ဖြစ်တယ်ဆိုတာ ထင်ရှားလှတယ်လို့ CHRO ကပြောပါတယ်။




Comments