top of page

မင်းကင်း ပအဖ နဲ့ ကျောင်းသားတော်လှန်ရေးတပ်တော် SRF တို့ သဘောတူညီချက်ရ

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 29
  • 1 min read

VOC/ May 29, 2026


စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နဲ့ ကျောင်းသားတော်လှန်ရေးတပ်တော် SRF တို့ ဟာ မေလ ၂၈ ရက်နေ့က တွေ့ဆုံဆွေးနွေးပြီးနောက် နှစ်ဦးနှစ်ဖက်သဘောတူညီချက်ရရှိခဲ့ကြတယ်လို့သိရပါတယ်။

မနေ့ မေလ ၂၈ ရက်နေ့က မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကလေးခရိုင်တပ်ရင်း ကတာဝန်ရှိသူတွေနဲ့ ကျောင်းသားတော်လှန်ရေးတပ်တော် SRF ဥက္ကဌ ကိုစံတင်ထွန်းပါအဝင် ဒုခေါင်းဆောင်၊ နိုင်ငံရေး ဌာနတာဝန်ခံတို့ မြေပြင်တနေရာမှာတွေ့ဆုံခဲကြပြီး အချက် ၃ ချက်ကို သဘောတူညီမှုရရှိခဲ့ကြတယ်လို့ ဒီကနေ့ထုတ် ပြန်တဲ့ပူးတွဲကြေညာချက်မှာဖော်ြပပါတယ်။

အဲဒီသဘောတူညီချက် ၃ ချက်တွေကတော့ မင်းကင်းမြို့နယ်အဖွဲ့က လက်ရှိဖမ်းဆီးထိန်းသိမ်းထားတဲ့ SRF ရဲဘော်တွေ ထဲက ပြစ်မှုကျူးလွန်ခြင်းမရှိသောရဲဘော်တွေကို ပြန်လွှတ်ပေးရန်၊ အမှုဖွင့်တိုင်ကြားခြင်းခံရတဲ့ SRF ရဲဘော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဥပဒေဘောင်အတွင်းဖြေရှင်းရန်၊ SRF တပ်တော်မှ ပြစ်မှုကျူးလွန်ထားခြင်းမရှိ တဲ့ ရဲဘော်တွေအနေနဲ့ NUG အစိုးရရဲ့ ကွက်ကဲမှုအောက်ကနေ တော်လှန်ရေးဆက်လက်လုပ်ကိုင်ရန်တို့ဖြစ်ပါ တယ်။

ပြီးခဲ့တဲ့မေလ ၂၆ ရက် ညနေ ၅ နာရီဝန်းကျင်မှာ ကျောင်းသားတော်လှန်ရေးတပ်တော် SRF ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဥက္ကဌ ကိုစံတင်ထွန်းအပါအဝင် ကိုးဦးကို NUG လက်အောက်ခံ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တွေက အင်အားသုံးဖမ်းဆီးမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

SRF တပ်တော် နဲ့ မင်းကင်းမြို့နယ်အဖွဲ့အစည်းတွေကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ SRF တပ်တော်ကို ဖြိုခွဲခြင်း မဟုတ်ဘဲ အမှုဖွင့်တိုင်ကြားမှုများအရ ကျူးလွန်သူတွေကို ဥပဒေအတိုင်း ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့ပြင် နှစ်ဖက်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ညီညွတ်ရေးနှင့် တော်လှန်ရေးတရပ်လုံးရဲ့ ညီညွတ်မှုကို ရှေးရှုပြီး ညီညွတ်ရေးပြိုကွဲစေမယ့် ထုတ်ပြန်ချက်၊ အရေးအသားတွေ ဆက်လက်ထုတ်ပြန်ရေးသားခြင်း မပြုရန်လည်း မေတ္တာရပ်ခံထားပါတယ်။



 
 
 

Comments


bottom of page