top of page

မြန်မာ့အရေးအပေါ် အမေရိကန်၏ နိုင်ငံခြားရေး မူဝါဒဟာ ကြားနေမူဝါဒမဟုတ်ကြောင်း လွှတ်‌တော်ကြားနာပွဲမှာ နိုင်ငံခြားရေးဝန်ကြီး အတည်ပြု

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 5
  • 1 min read

VOC/ June 4 , 2026


မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အမေရိကန် ဆီးနိတ် ဘတ်ဂျက်ခွဲဝေမှု ဆပ်ကော်မတီ (Senate Appropriations Subcommittee) ရဲ့ ၂၀၂၇ ဘဏ္ဍာရေးနှစ် နိုင်ငံခြားရေးဝန်ကြီးဌာန အသုံးစရိတ်တောင်းခံမှုဆိုင်ရာ ကြားနာပွဲမှာ မြန်မာ့ဒီမိုကရေစီအရေးနဲ့ ပတ်သတ်ပြီး သီးသန့်ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

အဆိုပါ ကြားနာပွဲမှာ လွှတ်တော်ကိုယ်စားလှယ် Mitch McConnell က လက်ရှိအစိုးရရဲ့ မြန်မာ့အရေးဗျူဟာအပေါ် ထောက်ပြမေးခွန်းထုတ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး Marco Rubioက အမေရိကန်ရဲ့ ရပ်တည်ချက်ကို တရားဝင် အတိအလင်း ဖြေကြားခဲ့ပါတယ်။

McConnell က Burma Act အရ ချမှတ်ထားသော ရန်ပုံငွေများ ခွဲဝေသုံးစွဲဖို့ ကြန့်ကြာနေမှု‌နဲ့ တရုတ်ရဲ့ မြန်မာစစ်ကောင်စီကို ဩဇာလွှမ်းမိုးမှုကို ထောက်ပြကာ တရုတ်ကျောထောက်နောက်ခံပြု စစ်ကောင်စီအပေါ် အမေရိကန်ရဲ့ မူဝါဒ ပျော့ပျောင်းသွားခြင်းလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။

‌ဒါ့အပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ စစ်အာဏာရှင်များနဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားခေါင်းဆောင်များအကြား ဘယ်ဘက်ကို ပိုမိုလိုလားကြောင်း တိုက်ရိုက်မေးမြန်းခဲ့ပါတယ်။

 မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ အမေရိကန်ရဲ့ မူဝါဒဟာ ကြားနေမူဝါဒ ဖြစ်နေလား McConnell က မေးမြန်းရာမှာ Marco Rubio က "ဟုတ်ကဲ့၊ ကျွန်တော်တို့ရဲ့ မူဝါဒတွေဟာ ကမ္ဘာပေါ်မှာ ဘယ်တုန်းကမှ ကြားနေ ဖြစ်လိမ့်မယ်လို့ မထင်ပါဘူး။ ကျွန်တော်တို့မှာ ရွေးချယ်စရာနဲ့ နှစ်သက်မှုရှိရင် အမေရိကန်နဲ့ ခင်မင်ရင်းနှီးတဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရနဲ့ ဆက်ဆံရတာကို ပိုနှစ်သက်ပါတယ်။ နိုင်ငံခြားအင်အားကြီးနိုင်ငံတစ်ခုရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ အစိုးရထက်စာရင်ပေါ့။" လို့ ဖြေဆိုပါတယ်။

ဒါ့အပြင် သူက မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ လွှမ်းမိုးမှုနဲ့ပတ်သတ်ပြီး "မြန်မာနိုင်ငံမှာ စိန်ခေါ်မှုကတော့ တရုတ်ဟာ အဲဒီစနစ်အပေါ် သြဇာလွှမ်းမိုးမှု အများကြီးရှိနေတာ ထင်ရှားပါတယ်။ အနည်းဆုံးတော့ မြန်မာနိုင်ငံထဲက အစိတ်အပိုင်းတွေနဲ့ ဆက်ဆံရေးတည်ဆောက်နိုင်မယ့် တီထွင်ဖန်တီးမှုနည်းလမ်းတွေကို ရှာဖွေပြီး ဆက်လက်ရှာဖွေနေပါတယ်။ ဒါပေမယ့် ရှင်းနေတာက ကွဲထွက်ဖို့ ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ လက်ရှိအစိုးရဟာ အုပ်ချုပ်ပုံက ရက်စက်ကြမ်းကြုတ်ပြီး တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုနဲ့ လွှမ်းမိုးမှု ပမာဏကြောင့်ပါ။ ဒါကြောင့် ကျွန်တော်တို့က အဲဒီပြောင်းလဲမှုကို ပြောင်းလဲဖို့ အခွင့်အလမ်းတွေကို ဆက်လက်ရှာဖွေနေပါတယ်။ " လို့ ပြောကြားသွားပါတယ်။


Source: C Span



 
 
 

Comments


bottom of page