top of page

မြန်မာမှာ အမျိုးသမီး ၁၀ ဦးမှာ ၄ ဦးက ဝင်ငွေလုံးဝမရှိကြဟု ကုလသမဂ္ဂပြော

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 25
  • 1 min read

VOC/ June 24, 2026


မြန်မာနိုင်ငံရဲ့ ပဋိပက္ခဒဏ်ခံ စီးပွားရေးအခြေအနေကြောင့် မညီမျှမှုတွေ ပိုမိုနက်ရှိုင်းလာပြီး အမျိုး သမီး ၁၀ ဦးမှာ ၄ ဦးက ဝင်ငွေလုံးဝမရှိကြဘူးလို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီစဉ် UNDP နဲ့ UN Women တို့က မနေ့က ပူးတွဲ အစီရင်ခံ ထုတ်ပြန်ပါတယ်။

"မြန်မာ့စီးပွားရေး အကျပ်အတည်းများကြားမှ အမျိုးသမီးများ၏ လူနေမှုဘဝ” အမည်ရှိ အစီရင်ခံစာကို UNDP နဲ့ UN Women အဖွဲ့တို့က ဇွန်လ ၂၃ ရက်နေ့က ပူးတွဲထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာရမှုတွေနဲ့ စီးပွားရေးပြိုလဲမှုတွေကြောင့် အမျိုးသမီးတွေဟာ အိမ်ထောင်စုတာဝန်တွေကို ပိုမိုထမ်းဆောင်လာရပြီး အလုပ်အကိုင်နဲ့ ဝင်ငွေရရှိရေးမှာ ကြီးမား တဲ့ အတားအဆီးတွေကို ရင်ဆိုင်နေရတယ်လို့ အစီရင်ခံစာကဆိုပါတယ်။

မြန်မာနိုင်ငံက အမျိုးသမီး ၄၂ ရာခိုင်နှုန်းခန့်မှာ ဝင်ငွေလုံးဝမရှိကြဘဲ ဒါဟာ အမျိုးသားတွေထက် နှစ်ဆနီးပါး ပိုမိုမြင့် မားနေတယ်လို့ဆိုပါတယ်။

ကုလသမဂ္ဂအစီရင်ခံစာရဲ့အဓိကတွေ့ရှိချက်ထဲမှာ ဝင်ငွေနည်းပါးမှုဖြစ်ပြီး အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေရဲ့ လစဉ် ပျမ်းမျှဝင်ငွေဟာ အခြေခံအိမ်ထောင်စုလိုအပ်ချက်အတွက် အနိမ့်ဆုံးကုန်ကျစရိတ်ရဲ့ ထက်ဝက်အောက်သာရှိပြီး အိမ်ထောင်စုတစ်စု အသက်ဆက်နိုင်ဖို့အတွက် ပျမ်းမျှဝင်ငွေရှာဖွေသူ ၂ ဒသမ ၄ ဦး လိုအပ်နေတယ်လို့လည်း ဖော်ပြ ပါတယ်။

ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်၊ UNDP အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဦးဆောင်ညွှန်ကြားရေးမှူး Kanni Wignaraja က “မြန်မာနိုင်ငံရဲ့ ပဋိပက္ခအပြင်းထန်ဆုံးဒေသတွေမှာ အမျိုးသားနှင့် အမျိုးသမီးများကြား လူမှုစီးပွား ရေးနှင့် ခေါင်းဆောင်မှုကွာဟချက်တွေဟာ သိသိသာသာ ကျယ်ပြန့်လာပြီး အမျိုးသမီးတွေဟာ ဝင်ငွေရရှိနိုင်ခွင့်၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်နှင့် ဆုံးဖြတ်ချက်ချနိုင်ခွင့်တို့ကို ရရှိနိုင်ရန် အလှမ်းဝေးလျက်ရှိပါတယ်” ဟု ပြောကြားသည်။

ဒီအစီရင်ခံစာဟာ UNDP နဲ့ UN Women တို့က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကနေ ဧပြီလအထိ ပူးတွဲကောက်ယူခဲ့တဲ့ မြန်မာနိုင်ငံက ကျား/မရေးရာ စစ်တမ်းအပေါ် အခြေခံထားပြီး ပဋိပက္ခဖြစ်ပွားရာဒေသနဲ့ ပဋိပက္ခမဖြစ်ပွားတဲ့ ဒေသ တွေအပါအဝင် ပြည်နယ် နဲ့ တိုင်းဒေသကြီးအားလုံးက အသက် ၁၅ နှစ်နှင့်အထက်ရှိတဲ့ လူပေါင်း ၅၀၀၀ ကျော်ကို ပါဝင်တဲ့ တစ်နိုင်ငံလုံးကို ကိုယ်စားပြု စစ်တမ်းတစ်ရပ် ဖြစ်တယ်လို့ သိရပါတယ်။



 
 
 

Comments


bottom of page