မြန်မာ့ပဋိပက္ခဖြေရှင်းရာမှာ တိုက်ပွဲချုပ်ငြိမ်းရေးကို ပိုမိုဦးစားပေးသင့်ပြီး၊ အာဆီယံအနေနဲ့ ချဉ်းကပ်ပုံ ပြန်လည်သုံးသပ်သင့်ဟု တီမောလက်စ်တေ သမ္မတပြော
- thevoiceofchinland
- Jun 19
- 1 min read
VOC/ June 17, 2026
မြန်မာ့ ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းရာမှာ ဒေသတွင်းနိုင်ငံတွေအနေနဲ့ နိုင်ငံရေးအရ ပြေလည်မှုရရှိရေးထက် တိုက်ပွဲ များချုပ်ငြိမ်းရေးကို ပိုမိုဦးစားပေးသင့်ပြီး မြန်မာ့အရေးချဉ်းကပ်ပုံနည်းလမ်းကို ပြန်လည်သုံးသပ်သင့် တယ်လို့ တီမောလက်စ်တေသမ္မတကပြောဆိုလိုက်ပါတယ်။
တီမောလက်စ်တေ သမ္မတ ဒေါက်တာ ဟိုဆေး ရာမို့စ် ဟော်တာ (Dr Jose Ramos-Horta) က မြန်မာနိုင်ငံမှာ ပဋိပက္ခ ဖြစ်ပွားနေတဲ့ အဖွဲ့အစည်းတွေအကြား ပထမဦးစွာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုမရရှိပါက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေး ကြိုးပမ်းမှုတွေဟာ အချည်းနှီးသာ ဖြစ်နေလိမ့်မယ်လို့ ပြောဆိုခဲ့ တယ်လို့ New Straits Times မလေးရှားသတင်းစာက ဖော်ပြပါတယ်။
နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်တဲ့ တီမောလက်စ်တေသမ္မတက မြန်မာ့ပဋိပက္ခကိုဖြေရှင်းရာမှာ ပထမဆုံးအနေနဲ့ တိုက်ပွဲတွေရပ်တန့်ရမှာဖြစ်ပြီး၊ ဒုတိယအဆင့်အနေဖြင့် တိုက်ပွဲတွေရပ်တန့်အောင်ဆက်လုပ်ပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို ပုံမှန်ဖြစ်အောင်ကြိုးစားရမှာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီနောက် လူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်တွေကို ကူညီဆောင်ရွက်ဖို့အတွက် အစိုးရမဟုတ်တဲ့ NGO တွေ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ဖိတ်ခေါ်ရမှာဖြစ်ပြီး နိုင်ငံရေးဆွေးနွေးမှုတွေကိုတော့ နောက်မှဆောင်ရွက်ရမယ်လို့ ပြောပါတယ်။
အရှေ့တောင်အာရှမှာသာမက အာဖရိကနဲ့ လက်တင်အမေရိကအထိ ပဋိပက္ခတွေမှာ ငြိမ်းချမ်းရေးညှိနှိုင်းသူနဲ့ ကြားဝင်စေ့စပ်ပေးသူအဖြစ် ဆယ်စုနှစ်များစွာ အတွေ့အကြုံရှိတဲ့ ရာမို့စ် ဟော်တာက သူ့ရဲ့အတွေ့အကြုံနဲ့ယှဉ်ပြီး ခုလိုသုံးသပ်ပြောဆိုသွားတာဖြစ်ပါတယ်။
နိုင်ငံရေးအရ အသွင်ကူးပြောင်းမှု မလုပ်ဆောင်မီ တည်ငြိမ်မှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ် ရေးလုပ်ငန်းများကို အရင်လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။
" စစ်တပ်နဲ့ တခြားအဖွဲ့အစည်းတွေက တိုက်ပွဲကို ရပ်တန့်ရမယ်ဆိုတာ သဘောတူဖို့ပဲ လိုတာပါ၊ ဒီမိုကရေစီကတော့ မြန်မာနိုင်ငံမှာ စောင့်လို့ရပါသေးတယ်၊ " လို့ တီမောလက်စ်တေသမ္မတကပြောပါတယ်။
ကမ္ဘာတစ်ဝှမ်းက ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပြဿနာအားလုံးကို တစ်ပြိုင်နက်တည်း ဖြေရှင်းရန် ကြိုးပမ်းခြင်းထက် ဦးစားပေးလုပ်ငန်းစဉ်များကို အဆင့်လိုက် ခွဲခြားသတ်မှတ်ရန် လိုအပ်လေ့ရှိတယ်လို့ သူကထောက်ပြပါတယ်။
မြန်မာ့ပဋိပက္ခဟာ ကမ္ဘာပေါ်မှာ အရှုပ်ထွေးဆုံး ပဋိပက္ခတစ်ခုဖြစ်ပြီး အခြားနိုင်ငံနဲ့မတူဘဲ မတူညီသော အကျိုးစီးပွား တွေနဲ့ ရည်မှန်းချက်တွေရှိကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အမြောက်အမြား တည်ရှိရာ အရပ်ဖြစ်တယ် လို့ သူက မှတ်ချက်ပြုပါတယ်။
မြန်မာ့ပဋိပက္ခရဲ့ အကျိုးဆက်တွေဟာ နယ်စပ်ဒေသတွေကို ကျော်လွန်ကာ သက်ရောက်မှုရှိနေပြီး ဒုက္ခသည်များ စီးဝင်လာမှုနှင့် လူသားချင်းစာနာမှုဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်နေရသော အိမ်နီးနားချင်းနိုင်ငံများအပေါ် ဖိအားများ ပိုမိုသက်ရောက်စေတယ်လို့လည်း သူကပြောပါတယ်။
မြန်မာနိုင်ငံရဲ့ မတည်ငြိမ်မှုတွေဟာ ဒေသတွင်းအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာနေတယ်ဆိုတာကို နေပြည်တော်က စစ် ခေါင်းဆောင်တွေအနေနဲ့ နားလည်သတိပြုသင့်တယ်လို့လည်း ရာမို့စ် ဟော်တာက ပြောပါတယ်။




Comments