top of page

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသောအရေးယူပိတ်ဆို့မှု EU က ၂၀၂၇ ဧပြီလအထိ သက်တမ်းတိုး

  • Writer: thevoiceofchinland
    thevoiceofchinland
  • Apr 28
  • 1 min read

VOC/ April 27, 2026


ဥရောပသမဂ္ဂ-EU က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုကို နောက်ထပ် (၁၂) လသက်တမ်းထပ်တိုးပြီး ၂၀၂၇ ခုနှစ်၊ ဧပြီလ ၃၀ ရက်အထိ ဆက်လက်ထားရှိရန် ယနေ့ဆုံးဖြတ်ခဲ့ကြတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံအပေါ် ကန့်သတ်ပိတ်ဆို့မှုတွေကို နှစ်ပတ်လည်ပြန်လည်သုံးသပ်တဲ့အခါမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထိပါးနှောင့်ယှက်တဲ့လုပ်ရပ်တွေအပြင် ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပါအဝင် ဆိုးရွားတဲ့ အခြေ အနေတွေ ဆက်လက်ဖြစ်ပေါ်နေတာကြောင့် ခုလို ဆုံးဖြတ်ခဲ့ကြတာလို့ ဒီကနေ့ဧပြီလ ၂၇ ရက်နေ့ EU ရဲ့ထုတ်ပြန် ချက်မှာဖော်ပြပါတယ်။

EU ရဲ့ နှစ်ပတ်လည် ပြန်လည်သုံးသပ်ချက်အရ ကွယ်လွန်သွားပြီဖြစ်တဲ့ လူပုဂ္ဂိုလ်တစ်ဦးကိုတော့ ပိတ်ဆို့မှုစာရင်းက နေပယ်ဖျက်ခဲ့ပြီး လက်ရှိမှာ အကြမ်းဖက်စစ်ခေါင်းဆောင်အပါအဝင် စစ်တပ်နဲ့ပတ်သက်ဆက်နွယ်သူ စုစုပေါင်း လူပုဂ္ဂိုလ် ၁၀၅ ဦးနှင့် အဖွဲ့အစည်း ၂၂ ခု ကို အရေးယူပိတ်ဆို့ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေအပေါ် EU အနေဖြင့် အပြင်းထန်ဆုံးထပ်မံရှုတ်ချခဲ့သလို အကြမ်းဖက်မှုအားလုံး ရပ်တန့်ပြီး မတရားဖမ်းဆီး ထိန်းသိမ်းထားသူ အားလုံးကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံအတွင်း ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို ပစ်မှတ်ထား ထပ်မံ ကန့်သတ်ပိတ်ဆို့မှုတွေပြုလုပ်ဖို့ EU က အသင့်ရှိနေပြီး အဲဒီလို လုပ်ဆောင်ရာမှာ မြန်မာပြည်သူလူထုအပေါ် ထိခိုက်မှု မရှိစေဘဲ တာဝန်ရှိသူများကိုသာ ထိရောက်စွာ ပစ်မှတ်ထားစေဖို့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။

ဥရောပသမဂ္ဂ-EU အနေနဲ့ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအတွက် မျှော်လင့်တောင့်တနေကြသော မြန်မာပြည်သူများနှင့် အတူ တစ်သားတည်း ရပ်တည်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။



 
 
 

Comments


bottom of page