မြန်မာနိုင်ငံသား ၄၄ ဦး အပါအဝင် တရားမဝင်နိုင်ငံခြားသား ၁၀၁ ဦးကို မလေးရှားက မိခင်နိုင်ငံပြန်ပို့
- thevoiceofchinland
- Jun 9
- 1 min read
VOC/ June 9, 2026
မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်၊ ပီကန်နာနာ့စ်မြို့ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းစခန်းမှာ ထိန်းသိမ်းခံ ထားရတဲ့ မြန်မာနိုင်ငံသား ၄၄ ဦး အပါအဝင် နိုင်ငံခြားသား ၁၀၁ ဦးကို ဇွန်လ ၈ ရက်နေ့က သက်ဆိုင်ရာနိုင်ငံ အသီး သီးကို ပြန်လည်ပို့ဆောင်လိုက်တယ်လို့ ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနက သတင်း ထုတ်ပြန်ပါတယ်။
နေရပ်ပြန်ပို့ခံရတဲ့ နိုင်ငံခြားသား ၁၀၁ ဦးမှာ မြန်မာနိုင်ငံသား ၄၄ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၅ ဦး၊ အိန္ဒိယနိုင်ငံသား ၁၃ ဦး၊ ပါကစ္စတန်နိုင်ငံသား ၁၀ ဦး၊ ထိုင်းနိုင်ငံသား ၄ ဦး၊ ဗီယက်နမ်နိုင်ငံသား ၄ ဦးနဲ့ ဆူဒန်နိုင်ငံသား ၁ ဦးတို့ ပါဝင် တယ်လို့သိရပါတယ်။
အဆိုပါနေရပ်ပြန်ပို့ခံရသူတွေဟာ မလေးရှားနိုင်ငံကို တရားမဝင် ဝင်ရောက်လာမှုကြောင့် လူဝင်မှုကြီးကြပ်ရေး အက် ဥပဒေအပါအဝင် အမျိုးမျိုးသောပြစ်ဒဏ်တွေနဲ့ ထောင်ဒဏ်ကျခံပြီး ပြစ်ဒဏ်စေ့လွတ်မြောက်ပြီးနောက်မှာ လူဝင်မှု ကြီးကြပ်ရေးဌာနက မိခင်နိုင်ငံတွေဆီကို ပြန်လည်ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။
သူတို့အားလုံးကို မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက "အမည်ပျက်စာရင်း (Blacklist)" သွင်းလိုက်ပြီး သတ်မှတ် ထားတဲ့ကာလအပိုင်းအခြားအတွင်း မလေးရှားနိုင်ငံကို မည်သည့်အကြောင်းပြချက်နဲ့မှ ပြန်လည်ဝင်ရောက်ခွင့်ပြုမှာ မဟုတ်ဘူးလို့သိရပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်မတည်မငြိမ်ဖြစ်လာတဲ့နောက်ပိုင်းမှာ အဘက် ဘက်ကယိုယွင်းပျက်စီးနေသောအခြေအနေတွေကြောင့် အသက်ရှင်ရပ်တည်နိုင်ရေးအတွက် မြန်မာနိုင်ငံသားတွေဟာ ရရာနည်းလမ်းတွေနဲ့ ပြည်ပနိုင်ငံတွေကို ထွက်ခွါနေကြရတာဖြစ်ပါတယ်။




Comments