top of page

မြန်မာနိုင်ငံမှာအခြေခံပညာ သင်ယူခွင့် ဆုံးရှုံးနေသူ ၆ ဒသမ ၃ သန်းကျော်ရှိ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 25
  • 1 min read

VOC/ June 24, 2026


မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအလွန် စစ်ရေးပဋိပက္ခတွေကြောင့် ကျောင်းပရဝဏ်ကိုစွန့်ခွါပြီး အခြေခံပညာသင်ယူခွင့် ဆုံးရှုံးနေသူ ၆ ဒသမ ၃ သန်းကျော်ထိ ရှိနေတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က ဇွန် ၂၃ ရက်နေ့ကထုတ်ပြန်ပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကနေ မြန်မာ့ပဋိပက္ခအကြား ကျောင်းနေအရွယ် ကလေးတွေရဲ့ အခြေခံပညာသင်ကြားခွင့်မှာ အကျပ်အတည်းတွေနဲ ရင်ဆိုင်နေကြရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ အခြေခံပညာကျောင်းအပ်နှံသူဦးရေ ၆ ဒသမ ၇ သန်းရှိခဲ့ပြီး ပြီးခဲ့တဲ့ နှစ်ထက် ခြောက်သိန်းဝန်းကျင်တိုးခဲ့တယ်လို့ သိရပါတယ်။

သို့သော်လည်း ၂၀၁၉ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းပါ အချက်အလက်နဲ့ ခန့်မှန်းတွက်ချက်ရင် အခြေခံပညာ သင်ယူရမယ့် ကျောင်းနေအရွယ်ဦးရေဟာ ၁၃ သန်းဝန်းကျင်ရှိရမှာဖြစ်ပြီး ဒါကြောင့် ပညာသင်နှစ် တစ်နှစ်တည်းမှာ ပင် အခြေခံပညာသင်ယူခွင့် ဆုံးရှုံးသူ ၆ ဒသမ ၃ သန်းကျော် ရှိခဲ့တာလို့ ISP-Myanmar က ဆိုပါတယ်။

အဆင့်မြင့်ပညာသင်ယူနိုင်ဖို့ အရေးကြီးတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူဦးရေကလည်း ၂၀၂၀ ပြည့်နှစ်မှာ ကိုးသိန်းကျော် ရှိခဲ့ပေမဲ့ အခု ၂၀၂၆ ခုနှစ်မှာတော့ နှစ်သိန်းခွဲဝန်းကျင်ပဲ ရှိပါတော့တယ်လို့ဆိုပါတယ်။

အခု ၂၀၂၆ ခုနှစ် ပညာသင်နှစ်ကစပြီး အစိုးရကျောင်းတွေမှာ အတန်းဝင်ခွင့်စာမေးပွဲ (placement test)တွေကို အသက် ၁၅ နှစ်အထိသာ ကန့်သတ်ထားပြီး မူလတန်းနှင့် အလယ်တန်းတွေကို အဓိက ရည်ရွယ်ထားတာကြောင့် အထက်တန်း အရွယ် ကျောင်းပြန်တက်ချင်သူတွေမှာ အခက်အခဲကြုံနေရတယ်လို့လည်းဖော်ပြပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်ရင်း တခြားဒေသကိုရောက်လာတဲ့ ကျောင်းသူ/ကျောင်းသားတွေဆိုရင် ကျောင်းထွက် လက်မှတ်မရှိတာ၊ ကျောင်းပြောင်းလက်မှတ် ထုတ်မရနိုင်တာတွေကြောင့် ကျောင်းမအပ်နိုင်ဘဲ အခက်အခဲ ဖြစ်နေကြရသလို ကုန်စျေးနှုန်းကြီးပြီး ဝင်ငွေနည်းပါးတာတွေကြောင့် လက်လုပ်လက်စား မိသားစုတွေဆိုရင် ဗလာစာအုပ်နဲ့ ခဲတံဝယ်ဖို့တောင် မတတ်နိုင်ဘူးလို့ ဆိုပါတယ်။

ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အသီးသီးကလည်း အစားထိုးပညာရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းနေကြပေမယ့် စစ်ရေးအခြေအနေ၊ အခြေခံအဆောက်အအုံ လိုအပ်ချက် စတာတွေကြောင့် အကန့်အသတ်တွေရှိနေပြီး အင်တိုက် အားတိုက် မလုပ်နိုင်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကြားကာလ ပညာရေးအစီအမံတွေကလည်း ကလေးတိုင်း လက်လှမ်းမီနိုင်တဲ့ အခြေအနေ မဟုတ်ဘူးလို့ ဆိုပါတယ်။

မြန်မာ့ပညာရေးဟာ အာဏာမသိမ်းခင်ကာလကလို ပြန်ဖြစ်ဖို့ ခက်နေဦးမှာဖြစ်ပြီး စီးပွားရေးအဆင်မပြေလို့ အိမ်ကိုကူဖို့ ကျောင်းကို စွန့်ခွာရသူ၊ ကျောင်းစရိတ် မတတ်နိုင်လို့ ကျောင်းကိုစွန့်ခွာရသူ၊ စစ်ဘေးပဋိပက္ခကြောင့် ကျောင်းကို စွန့်ခွာရသူ၊ နိုင်ငံခြားထွက် အလုပ်လုပ်ဖို့ ကျောင်းကို စွန့်ခွာရသူ စသည်ဖြင့်လည်း အများအပြား ရှိနေတယ်လို့ဆိုပါတယ်။

ဒါကြောင့် မြန်မာ့ပညာရေးက အဆင့်မီပညာရေး (quality education) ကို မမျှော်မှန်းနိုင်တဲ့အပြင် အခြေခံ ပညာရေးလက်လှမ်းမီမှု (access to basic education) မှာတင် အကျပ်အတည်း ဖြစ်နေတယ်လို့ ISP-Myanmar က ထောက်ပြထားပါတယ်။



 
 
 

Comments


bottom of page