မြန်မာနိုင်ငံမှာ လူ ၄ ယောက်မှာ ၁ ယောက်နှုန်းနဲ့ လူဦးရေ ၁၂ သန်းကျော် ဆာလောင်မွတ်သိပ်မှုဒဏ်ရင်ဆိုင်နေရဟု WFP ထုတ်ပြန်
- thevoiceofchinland
- May 19
- 1 min read
VOC/ May 19, 2026
စစ်အာဏာသိမ်းမှုဖြစ်ပွားပြီး ၅ နှစ်ကျော်ရှိလာတဲ့အချိန်မှာ မြန်မာနိုင်ငံမှာ လူ ၄ ယောက်မှာ ၁ ယောက်နှုန်းနဲ့ လူဦးရေ စုစုပေါင်း ၁၂ ဒဿမ ၄ သန်းဟာ လတ်တလောမှာ ဆာလောင်မွတ်သိပ်မှုဒဏ်ကို ရင်ဆိုင်နေကြရတယ်လို့ ကမ္ဘာ့စား နပ်ရိက္ခာအစီအစဉ် (WFP) က ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် နေ့စဉ်ရှင်သန်ရပ်တည်နိုင်ရေးအတွက် ရုန်းကန်နေကြတဲ့ သန်းနဲ့ချီတဲ့ မြန်မာပြည်သူ၊ ပြည်သားတွေဟာ အရှေ့အလယ်အပိုင်းအကျပ်အတည်းကြောင့် ပိုမိုဆိုးရွားလာတဲ့အခက်အခဲတွေကို ရင်ဆိုင်နေကြရတယ်လို့ မေလ ၁၈ ရက်နေ့မှာထုတ်ပြန်တဲ့ WFP ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။
ဒါကြောင့် လက်ရှိ မြန်မာနိုင်ငံမှာ လူ ၄ ယောက်မှာ ၁ ယောက်နှုန်းနဲ့ စုစုပေါင်း လူဦးရေ ၁၂ ဒဿမ ၄ သန်း ဟာ လတ်တလော ဆာလောင်မွတ်သိပ်မှုဒဏ်ကို ရင်ဆိုင်နေရပြီး၊ လူဦးရေ ၃ ဒဿမ ၇ သန်းဟာလည်း ဆက်လက် ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလနှောင်းပိုင်းကစပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စက်သုံးဆီစျေးနှုန်းတွေ သုံးဆအထိ မြင့်တက်ခဲ့ပြီး ဆန်၊ ဆီ၊ ဆား နဲ့ ပဲပါဝင်သော အခြေခံစားသောက်ကုန်စျေးနှုန်းတွေလည်း သိသိသာသာမြင့်တက်သွား တယ်လို့ ဆိုပါတယ်။
အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ စျေးနှုန်းမြင့်တက်မှုအမြင့်ဆုံးဖြစ်တာကိုတွေ့ရပြီး ပျမ်းမျှအားဖြင့် အခြေခံ စားသောက်ကုန်စျေးနှုန်းဟာ တစ်နိုင်ငံလုံးအနှံ့ ၁၈ ရာခိုင်နှုန်းအထိ မြင့်တက်သွားတယ်လို့ဆိုပါတယ်။
မကွေးတိုင်းဒေသကြီးက ၃၈ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်ပြီး ကရင်ပြည်နယ် နဲ့ ရခိုင်ပြည်နယ်တို့မှာ ၃၂ ရာခိုင်နှုန်း နဲ့ ၃၁ ရာခိုင်နှုန်းအထိ မြင့်တက်သွားတယ်လို့ WFP ကဖော်ပြပါတယ်။
ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်နဲ့ ကုန်ပစ္စည်းရရှိနိုင်မှုအကန့်အသတ်တွေကြောင့် တောင်သူတွေဟာ မြေဩဇာအသုံးပြုမှုကို လျှော့ချနေကြရပြီး လာမယ့်မိုးသီးနှံစိုက်ပျိုးမှုကိုလည်း ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။
တောင်သူတွေဟာ မြေဩဇာအသုံးပြုမှု ၅၀ ရာခိုင်နှုန်းခန့်လျော့နည်းသွာမယ်ဆိုရင် နိုင်ငံတစ်ဝန်းလုံးက စိုက်ပျိုးထုတ် လုပ်မှု ၁၅ ရာခိုင်နှုန်းအထိ လျော့ကျနိုင်ပြီး၊ အကျိုးဆက်အနေနဲ့ ကုန်ဈေးနှုန်းတွေ ထပ်မံမြင့်တက်စေကာ ၂၀၂၇ ခုနှစ် အထိ နိုင်ငံရဲ့ စားနပ်ရိက္ခာအကျပ်အတည်းကို ပိုမိုဆိုးရွားစေနိုင်တယ်လို့ WFP က သတိပေးထားပါတယ်။
အရှေ့အလယ်ပိုင်းအကျပ်အတည်းကြောင့် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စားသောက်ကုန်နှင့် စက်သုံးဆီ စျေးနှုန်းတွေ အဆမတန်မြင့်တက်လာပြီး နေ့စဥ်ရှင်သန်ရပ်တည်ရေးအတွက် ရုန်းကန်နေကြရတဲ့ မြန်မာပြည်သူတွေရဲ့ စားနပ်ရိက္ခာအခက်အခဲကို ဖြေရှင်းနိုင်ရန် ဥရောပသမဂ္ဂ(EU) က ယူရိုငွေ ၈ သန်းကူညီထောက်ပံ့လာတယ်လို့ WFP က ဖော်ပြပါတယ်။
ဥရောပသမဂ္ဂရဲ့ ထောက်ပံ့ငွေတွေကို ပဋိပက္ခ၊ နေရပ်စွန့်ခွာရမှု၊ စီးပွားရေးအခက်အခဲနဲ့ ပိုမိုဆိုးရွားလာသော စားနပ် ရိက္ခာအခက်အခဲတို့ကြောင့် ထိခိုက်ခံစားနေရတဲ့ မိသားစုတွေကို အရေးပေါ် စားနပ်ရိက္ခာ အကူအညီတွေပေးအပ် မယ်လို့ WFP ဆိုပါတယ်။
ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်တွေနဲ့ ကလေးငယ်တွေအတွက် အထူးအာဟာရအထောက်အပံ့တွေလည်း ပေးအပ်သွားမယ်လို့ ဖော်ပြထားပါတယ်။
Photo- WFP







Comments