မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ကလေး ၁,၀၀၀ ကျော် သေဆုံးဟု AAPP ပြော
- thevoiceofchinland
- Jul 2
- 1 min read
VOC/ July 2, 2026
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အပြစ်မဲ့ကလေးသူငယ် စုစုပေါင်း ၁၀၀၀ ကျော်သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြောပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၆ ခုနှစ် ဇွန်လကုန်အထိ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုကြောင့် ကလေးသူငယ် ၁၀၈၃ ဦးအထိ အသက်ဆုံးရှုံးခဲ့ရတယ်လို့ AAPP က မနေ့ဇူလိုင် ၁ ရက်နေ့က အစီရင်ခံစာထုတ်ပြန်ပါတယ်။
သေဆုံးသူတွေဟာ မွေးကင်းစကနေ ၁၃ နှစ်အရွယ်ကြားကလေးငယ် ၆၃၂ ဦး နဲ့ ၁၃ နှစ်ထက်အရွယ်ကလေးငယ် ၄၅၁ ဦးတို့ဖြစ်ပြီး အဲဒီထဲမှာ အသက်အငယ်ဆုံးအနေဖြင့် ၂ လအရွယ်ကလေးငယ်ပါဝင်တယ်လို့သိရပါတယ်။
ဒီအရေ အတွက်ဟာ AAPP ကနေ အတည်ပြုထားတဲ့ ပမာဏသာဖြစ်ပြီး အတည်ပြုဖို့လိုအပ်နေသေးတဲ့ နောက်ထပ်ကလေးငယ် ၄၀၀ ရဲ့ သေဆုံးစာရင်းကိုလည်း ဆက်လက်စုံစမ်းနေဆဲလို့ ဆိုပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတဝန်းလုံးမှာ စာသင်ကျောင်း၊ မူကြို နဲ့ သင်တန်း ကျောင်းအနည်းဆုံး ၄၇၀ ထိခိုက်ပျက်စီးခဲ့ရပြီး စစ်ကိုင်းတိုင်းက ၁၃၄ ကျောင်းနဲ့အများဆုံးဖြစ်ပါတယ်။ မကွေးတိုင်း၊ မန္တလေးတိုင်း နဲ့ ချင်းပြည်နယ်တို့မှာလည်း ကျောင်းအများအပြား ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ဇွန်လကစပြီး နိုင်ငံတဝန်းလုံးမှာ အခြေခံပညာကျောင်းတွေပြန်လည်ဖွင့်လှစ်ခဲ့ကြပေမယ့် ပဋိပက္ခဖြစ်ပွားရာ ဒေသအများစုမှာရှိတဲ့ ကလေးငယ်တွေအတွက် လုံခြုံစိတ်ချရတဲ့ သင်ယူမှုပတ်ဝန်းကျင်မရှိသေးဘဲ ကျောင်းတက် ရောက်နေတဲ့ ကလေးငယ်တွေဟာ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး နဲ့ အခြားစစ်ရေးအန္တရာယ်တွေ ဆက်လက် ရင်ဆိုင်နေကြရဆဲလို့ AAPP ကပြောပါတယ်။
ဒါ့အပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကနေ ယခုနှစ် ဇွန်လကုန်အထိ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကလေး ငယ် ၆၃၉ ဦးအထိရှိတယ်လို့ AAPP က ဖော်ပြပါတယ်။
စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတဝန်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ လုံခြုံရေးမတည်ငြိမ်မှုတွေကြောင့် ကျန်းမာရေး စောင့်ရှောက်မှုတွေ နည်းပါးလာပြီး နိုင်ငံတဝန်းမှာရှိတဲ့ ကလေးငယ် ၁ ဒသမ ၂ သန်းမှာ အခြေခံ ကာကွယ်ဆေး ထိုးနှံခွင့်တွေ ဆုံးရှုံးနေရတယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။
ဒီအခြေအနေတွေကိုကြည့်ရင် အာဏာသိမ်းစစ်တပ်ဟာ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ် အခွင့်အရေး သဘောတူစာချုပ်ရဲ့ နောက်ဆက်တွဲစာချုပ် (OPAC) နဲ့ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဥပဒေ (IHL) တို့ကို ချိုးဖောက် နေတယ်လို့ AAPP က ထောက်ပြပါတယ်။




Comments