top of page

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခကြောင့် သေဆုံးသူ ၁ သိန်းကျော်ရှိလာ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jul 2
  • 1 min read

VOC/ July 1, 2026


မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ရေးပဋိပက္ခတွေကြောင့် ၅ နှစ်တာကာလအတွင်း သေဆုံး သူဦးရေ ၁ သိန်းကျော် ရှိလာပြီလို့ ပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုဖြစ်တဲ့ Armed Conflict Location & Event Data (ACLED) က ဒီကနေ့ ဇူလိုင် ၁ ရက်နေ့မှာထုတ်ပြန်ပါတယ်။

Armed Conflict Location & Event Data စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ နောက်ဆုံးအချက်အလက်တွေအရ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးကတည်းက ပဋိပက္ခနှင့်ဆက်နွှယ်ပြီး သေဆုံးသူဦးရေဟာ ၁၀၀,၁၁၄ ဦး ရှိခဲ့ပြီလို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဒီသေဆုံးသူဦးရေနဲ့ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ချက်မရှိဘဲ လေ့လာဆန်းစစ်သူတွေကတော့ ယခုငါးနှစ်တာပြည်တွင်းစစ်ကို အာရှဒေသမှာ သေကြေပျက်စီးမှုအများဆုံး ပဋိပက္ခအဖြစ် သတ်မှတ်ထားကြတယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရကို ဖြုတ်ချ ခဲ့ပြီး၊ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းကာ မြန်မာနိုင်ငံရဲ့ ဆယ်စုနှစ် တစ်ခု ကြာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကြိုးပမ်းမှုကို အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို မြန်မာစစ်တပ်က အကြမ်းဖက်နှိမ်နင်းခဲ့ပေမယ့်လည်း စစ်အာဏာ ရှင်စနစ်ကို ဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူတွေဟာ မြို့ပြကိုစွန့်ခွာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖွဲ့စည်းကာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့အတူ တိုက်ပွဲဝင်ခဲ့ကြတာဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာရွှေ့ပြောင်းရသူ ၃.၇ သန်းကျော်ရှိနေပြီး၊ မြန်မာနိုင်ငံဟလည်း ဆင်းရဲမွဲတေမှုအခြေအနေသို့ ပြန်လည်ကျရောက်ခဲ့ပြီး လူငါးဦးမှာ တစ်ဦးထက်မနည်းမှာ ပြင်းထန်သော စားနပ်ရိက္ခာမလုံလောက်မှုနှင့် ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ACLED ရဲ့ အဆိုအရ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က ကမ္ဘာပေါ်မှာ ပါလက်စတိုင်းပြီးရင် ပဋိပက္ခဒဏ် အခံရဆုံး ဒုတိယမြောက် နိုင်ငံဖြစ်ခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် ACLED ရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ လက်နက်ကိုင်အဖွဲ့ပေါင်း ၁,၂၀၀ ကျော် ပါဝင်လှုပ်ရှားနေပြီး "ကမ္ဘာပေါ်မှာ အဖွဲ့အစည်းအကွဲပြားဆုံး လက်နက်ကိုင်ပဋိပက္ခ" ဖြစ်လာတယ်လို့လည်းဆိုပါတယ်။

ပဋိပက္ခဟာ နိုင်ငံအနှံ့သို့ ပျံ့နှံ့သွားပြီး အရပ်သားတွေအတွက် အလွန်အန္တရာယ်ကြီးမားတဲ့ အခြေအနေဖြစ်နေတယ်လို့ ACLED အကြီးတန်းသုတေသီတစ်ဦးကပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ရေးပဋိက္ခဟာ ပြည်ပနိုင်ငံတွေအထိလည်း ရိုက်ခတ်မှုများရှိနေပြီး၊ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ဒုက္ခသည်စခန်းတွေမှာ ထွက်ပြေးတိမ်းရှောင်လာသူတွေ ပြည့်နှက်နေသလို နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်း၊ အွန်လိုင်းလိမ့်လည်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်စေတယ်လို့ ဖော်ပြထားပါတယ်။


Source- AFP/ Armed Conflict Location & Event Data (ACLED)


Photo- AFP



 
 
 

Comments


bottom of page