မြန်မာနိုင်ငံမှ စစ်ဘေးရှောင် ဒုက္ခသည်များ ဆက်တိုက်ဝင်ရောက်လာနေတာဟာ မီဇိုရမ် အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေ ဖြစ်စေတယ်လို့ မီဇိုရမ်ဝန်ကြီးချုပ်ပြော
- thevoiceofchinland
- Jun 5
- 1 min read
VOC/ 04 June 2026
မြန်မာနိုင်ငံဘက်မှာ ပဋိပက္ခတွေနဲ့ မတည်ငြိမ်မှုတွေ ဆက်ဖြစ်နေတာကြောင့် နယ်စပ်ဖြတ်ကျော်ဝင်
ရောက်လာသူတွေ ထပ်ရှိလာပြီး အခုလို စစ်ဘေးရှောင် ဒုက္ခသည်တွေ ဆက်တိုက်ဝင်ရောက်လာနေတာဟာ ပြည်နယ်အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေ ဖြစ်စေတယ်လို့ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒူအောမ်မာ (Pu Lalduhoma) က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
ရှီလောင် (Shillong) မြို့မှာ ပြောကြားခဲ့တဲ့ စကားအရ လက်ရှိ မီဇိုရမ်ပြည်နယ်ထဲမှာ မြန်မာနိုင်ငံသား ၄ သောင်းကျော် ခိုလှုံနေထိုင်နေကြတယ်လို့ လာလ်ဒူအောမ်မာက ဆိုပါတယ်။ ဒုက္ခသည်ဦးရေ တိုးလာတာကြောင့် အထူးသဖြင့် ချမ်ဖိုင်း (Champhai) ခရိုင်တွင်းက ဇိုခေါထာရ် (Zokhawthar) လို နယ်စပ်ဒေသတွေမှာ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုတွေ၊ အခြေခံအဆောက်အအုံတွေနဲ့ ဒေသတွင်း အရင်းအမြစ်တွေအပေါ် ဖိအားဖြစ်စေတယ်လို့ သူက ထောက်ပြခဲ့ပါတယ်။
မီဇိုရမ်ပြည်နယ်ဟာ မျိုးနွယ်စုနဲ့ ယဉ်ကျေးမှုချင်း နီးစပ်မှုရှိတာကြောင့် မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဒုက္ခသည်တွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်လာခဲ့တာပါ။ ဒါ့အပြင် ပြည်နယ်အစိုးရအနေနဲ့ နေရပ်စွန့်ခွာလာသူတွေကို မှတ်တမ်းတင်နိုင်ဖို့အတွက် ဇီဝအချက်အလက် (Biometric) မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်တွေကိုလည်း စတင်လုပ်ဆောင်နေပါတယ်။
အိန္ဒိယအစိုးရအနေနဲ့ အိန္ဒိယ-မြန်မာနယ်စပ် အစိတ်အပိုင်းအချို့မှာ ခြံစည်းရိုးခတ်ဖို့နဲ့ နယ်စပ်စီမံခန့်ခွဲမှု အစီအမံတွေကို တိုးမြှင့်လုပ်ဆောင်ဖို့ ပြင်ဆင်နေချိန်မှာပဲ ဝန်ကြီးချုပ်ရဲ့ အခုလို မှတ်ချက်စကား ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
Source: North East News




Comments