top of page

မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ်ခန့်အပ်ထားတဲ့ ခရိုနီ ကိုကိုလတ်ကို အိုက်စလန်နိုင်ငံက ရာထူးပြန်ရုပ်သိမ်း

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 29
  • 1 min read

VOC/ May 29, 2026


အိုက်စလန်နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထားတဲ့ ခရိုနီ ကိုကိုလတ်ကို ရာထူးကနေ ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ Justice for Myanmar က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ် နဲ့ ပတ်သက်ဆက်နွယ်မှုရှိတဲ့ မြန်မာခရိုနီ ကိုကိုလတ်ဟာ အိုက်စလန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် ရာထူးကို ၁၁ ပတ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက်မှာ မိမိဆန္ဒအလျောက် နုတ်ထွက် စာတင်ခဲ့ပြီး၊ မေလ ၁၅ ရက်နေ့က တရားဝင် ရုပ်သိမ်းလိုက်တယ်လို့ အိုက်စလန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြု ပြောကြားကြောင်း Justice For Myanmar က ဆိုပါတယ်။

Justice For Myanmar အနေနဲ့ ဥရောပသမဂ္ဂ-အီးယူကနေ ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ အဖွဲ့အစည်းတွေအပါအဝင် ကိုကိုလတ်ရဲ့ စစ်အုပ်စုနှင့် စီးပွားရေးဆက်နွယ်လုပ်ကိုင်နေမှုအကြောင်းဖော်ပြထားတဲ့ စာတစ်စောင်ကို မတ်လ ၂၇ ရက်နေ့က အိုက်စလန်နိုင်ငံခြားရေးဝန်ကြီး Þorgerður Katrín Gunnarsdóttir ထံသို့ ပေးပို့ခဲ့ပြီး ကိုကိုလတ်ကို ကောင်စစ်ဝန်ရာထူးမှ ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

အဲဒီတောင်းဆိုမှုအပေါ် အိုက်စလန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည်သုံးသပ်စစ်ဆေးမှုများ စတင်ခဲ့ပြီးနောက် ခရိုနီ ကိုကိုလတ်ကို ရာထူးကနေ ရုပ်သိမ်းမှု ဖြစ်ပေါ်လာတာဖြစ်တယ်လို့ Justice for Myanmar ကပြောပါတယ်။

ခရိုနီ ကိုကိုလတ်ဟာ EU ရဲ့ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းမှာ ပါဝင်နေသော စစ်အုပ်စုတရားမဝင်ထိန်းချုပ်ထားတဲ့ မြန်မာ့ သစ်လုပ်ငန်း (MTE)၊ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့နှင့် စီးပွားဆက်ဆံလုပ်ကိုင်နေသူဖြစ် တယ်လို့ ဆိုပါတယ်။

MTE ဟာ နိုင်ငံတကာမှာ ဝယ်လိုအားမြင့်မားလျက်ရှိတဲ့ မြန်မာ့ကျွန်းသစ်အပါအဝင် သစ်ရောင်းချမှုကတဆင့် စစ်အုပ်စုအတွက် အကျိုးအမြတ် အများအပြား ရရှိစေတဲ့ အဓိကဝင်ငွေရင်းမြစ်တစ်ခုဖြစ်ပါတယ်။

ကိုကိုလတ် ပိုင်ဆိုင်တဲ့ K K Business Group ဟာ ရန်ကုန်မြို့က Central Hotel ကို စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် MEHL ထံကနေ ၁၅ နှစ်စာချုပ်ဖြင့် ငှားရမ်းလုပ်ကိုင်နေပြီး Justice For Myanmar က လက်ခံရရှိ ထားတဲ့ ပေါက်ကြားလားတဲ့ သစ်လေလံမှတ်တမ်းတွေအရ ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်တွေအတွင်း MTE ထံကနေ သစ်ဝယ်ယူသော ကုမ္ပဏီ ၄၀ ကျော်အနက် အကြီးဆုံး ဝယ်ယူသူ ဖြစ်ခဲ့တယ်လို့ဖော်ပြပါတယ်။

အိုက်စလန်နိုင်ငံအနေနဲ့ အကြမ်းဖက်စစ်တပ်နဲ့ပတ်သက်ဆက်နွယ်သူတစ်ဦးကို ဂုဏ်ထူးဆောင်ကောင်စစ်ဝန် ခန့်အပ်မှုဟာ စစ်အုပ်စုကို မမှန်ကန်တဲ့ တရားဝင်မှုကို ပေးအပ်ခဲ့တာဖြစ်သလို စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇ ဝတ်မှုတွေကို ငွေကြေးထောက်ပံ့ပေးနေတဲ့ ခရိုနီတစ်ဦးကို ကျောထောက်နောက်ခံပေးခဲ့ခြင်းလည်းဖြစ်တယ်လို့ JFM ကပြောပါတယ်။

ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရာထူးကို ရုပ်သိမ်းပေးဖို့ တောင်းဆိုချက်အပေါ် အိုက်စလန်နိုင်ငံက အလျင်အမြန် ဆုံးဖြတ်ဆောင်ရွက်ပေးခဲ့ခြင်းကို ကြိုဆိုပြီး၊ ဒီလုပ်ရပ်ဟာ အခြားသောအစိုးရတွေ လိုက်နာဆောင်ရွက်သင့်တဲ့ နမူနာကောင်းတစ်ခုလည်း ဖြစ်တယ်လို့ JFM ကဆိုပါတယ်။

ကိုကိုလတ်အနေနဲ့ MTE၊ MEHL တို့နဲ့ စီးပွားရေးလုပ်ဆောင်နိုင်ခြင်းဟာ သူနဲ့ သူ့ရဲ့လုပ်ငန်းစုအပေါ် ဒဏ်ခတ်ပိတ်ဆို့ မှုတွေ မရှိသေးတာကြောင့်ဖြစ်ပြီး အီးယူ၊ အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ ကနေဒါနှင့် သြစတြေးလျနိုင်ငံတို့အနေနဲ့ ကိုကိုလတ် အပါအဝင် K K Business Group နဲ့ ၎င်းရဲ့ ဒါရိုက်တာတွေ၊ ပိုင်ရှင်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ Justice For Myanmar က တောင်းဆိုထားပါတယ်။



 
 
 

Comments


bottom of page