top of page

မြန်မာဒုက္ခသည်အဖြစ်မှ အမေရိကန်ရေတပ်ရဲ့ အနာဂတ်စစ်ဆင်ရေးများကို Drone ဖြင့်ပုံဖော်ပေးနိုင်သူ ဖြစ်လာတဲ့ 𝐇𝐚𝐯𝐨𝐜𝐀𝐈 ရဲ့ CEO Paul Lwin

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 19
  • 2 min read

VOC/ May 19, 2026


၂၀၂၆ ဧပြီလရဲ့ မိုးအုံ့နေတဲ့နေ့တစ်နေ့မှာ အမေရိကန်ပြည်ထောင်စု၊ Rhode Island ရဲ့ Narragansett ပင်လယ်အော်မှာ ရှေးဟောင်းဗီဒီယိုဂိမ်းတစ်ခုကို ကစားနေတဲ့အလား Paul Lwin ကို တွေ့ရသည်။

သူဟာ ဒီနေ့ ရေပြင်ထဲ မောင်းနှင်သွားမယ့် ရိုးရှင်းအခြေခံကျလှတဲ့ ရေယာဉ်ရဲ့ ကုန်းပတ်ပေါ်မှာ လက်ပ်တော့ပ် (laptop) တစ်လုံးကို ငုံ့ကြည့်ပြီး အာရုံစိုက်နေသည်။ မျက်နှာပြင်ပေါ်မှာ လှေပုံစံ အိုင်ကွန် (icon) သေးသေးလေးတွေ ရွေ့လျားနေကြပြီး သူက အဲဒီအိုင်ကွန်တွေကို လေးထောင့်ကွက်ဆွဲပြီး ရွေးချယ်လိုက်ကာ ကန့်သတ်ချက်အချို့ကို သတ်မှတ်ပြီး “Start Play” ဆိုတာကို နှိပ်လိုက်သည်။

စက္ကန့်ပိုင်းအနည်းငယ်အကြာမှာပဲ တစ်မိုင်လောက်အကွာမှာရှိတဲ့ ပင်လယ်ကွေ့ထဲက မောင်းသူမဲ့ စက်လှေတစ်အုပ်ဟာ စခရင်ပေါ်က အိုင်ကွန်တွေနဲ့အပြိုင် ချောမွေ့စွာ စတင်မောင်းနှင်သွားကြပြီး အဲဒီအိုင်ကွန်တွေရဲ့ နောက်ကွယ်မှာတော့ တောက်ပတဲ့ အပြာရောင် လမ်းကြောင်းလိုင်းလေးတွေ ကျန်ရစ်ခဲ့သည်။ Paul Lwin ကတော့ ဒါကိုကြည့်ပြီး အားပါးတရ ပြုံးနေပါသည်။

အဆိုပါ မောင်းသူမဲ့ စက်လှေတစ်စင်းစီဟာPaul Lwin ရဲ့ ပရိုဗီဒင့်စ် (Providence) အခြေစိုက် Havoc ကုမ္ပဏီရဲ့ ၁၄ ပေအရှည်ရှိသည့် အဓိကထုတ်ကုန် “Rampage” အမျိုးအစား စက်လှေတွေ ဖြစ်သည်။

Paul Lwin ဟာ မြန်မာနိုင်ငံမှာ မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်ပါပြီး နိုင်ငံရေးအခြေအနေတွေကြောင့် ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတစ်ခုမှာ ခိုလှုံခဲ့ရပါတယ်။ စခန်းတွင်းမှာ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေကို ရင်ဆိုင်ရင်း ကြီးပြင်းခဲ့ရသည်။

နောက်ပိုင်းမှာ သူဟာ တတိယနိုင်ငံအစီအစဉ်နှင့် အမေရိကန်ပြည်ထောင်စုကို ဒုက္ခသည်အဖြစ် ရွှေ့ပြောင်းအခြေချခွင့် ရရှိခဲ့ပြီး အမေရိကန်ရေတပ် (U.S. Navy) ထဲကို ဝင်ရောက် စစ်မှုထမ်းခဲ့သည်။ သူဟာ ရေတပ်မှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ရင်း အန္တရာယ်များတဲ့ ရှေ့တန်းစစ်မျက်နှာပြင်တွေ (ဥပမာ - အီရတ်နှင့် အာဖဂန်နစ္စတန် စစ်ပွဲများ) အထိ သွားရောက်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အတွေ့အကြုံရင့်ကျက်သည့် စစ်ပြန်ဖြစ်လာပါသည်။

စစ်မှုထမ်းသက်တမ်းကုန်ဆုံးပြီးနောက် Paul Lwin ဟာ ပညာရေးကို ဆက်လက်ဆည်းပူးခဲ့ပြီး နည်းပညာနဲ့ အယ်လ်ဂိုရီသမ်တွေအပေါ် စိတ်ဝင်စားမှု ရှိလာခဲ့သည်။ အထူးသဖြင့် စစ်မြေပြင်မှာ ရဲဘော်ရဲဘက်တွေ ကြုံတွေ့ရနေရသည့် အခက်အခဲများကို ကိုယ်တိုင်သိရှိထားသည့်အတွက် "စစ်သည်တော်တွေအတွက် တကယ်အသုံးဝင်ပြီး အသုံးပြုရလွယ်ကူမယ့် နည်းပညာ" ကို ဖန်တီးချင်ခဲ့ပြီး HavocAI ကို ရေတပ်စစ်ပြန်တစ်ဦးဖြစ်သူ ဂျိုးတာနာ (Joe Turner) နဲ့ ပူးပေါင်းတည်ထောင်ခဲ့တာဖြစ်ပါသည်။

သူတို့ရဲ့ အဓိက ရည်မှန်းချက်က စစ်မြေပြင်မှာ ရှုပ်ထွေးလှတဲ့ ရိုဘော့တစ်စ်ပညာရပ်တွေကို မသိရင်တောင်မှ၊ စမတ်ဖုန်း သို့မဟုတ် ဂိမ်းတစ်ခု ဆော့ရသလိုမျိုး ရိုးရိုးရှင်းရှင်းနဲ့ မောင်းသူမဲ့ ဒရုန်းယာဉ်/စက်လှေ ထောင်ပေါင်းများစွာကို တစ်ပြိုင်နက် ထိန်းချုပ်နိုင်မယ့် ဆော့ဖ်ဝဲလ်စနစ်ကို တီထွင်ဖို့ပဲ ဖြစ်ပါတယ်။သူတို့ရဲ့ ကုမ္ပဏီဟာ လူတစ်ယောက်တည်းနဲ့ စက်လှေအစင်းပေါင်း ထောင်ချီကို တစ်ပြိုင်နက်တည်း ထိန်းချုပ်မောင်းနှင်နိုင်မည့် နည်းပညာတွေကို ရေယာဉ်တွေမှာ တပ်ဆင်ပေးထားခြင်းဖြစ်သည်။

အသက် ၄၀ အရွယ် Paul Lwin နှင့် အသက် ၄၂ အရွယ် Joe Turner တို့ဟာ ဝေဟင်နှင့် မြေပြင်သုံးဒရုန်း drone များထုတ်လုပ်သည့် Start-Up ကုမ္ပဏီအသေးလေးအချို့ကို ဝယ်ယူခဲ့ပြီးနောက် မောင်းသူမဲ့စက်လှေတင်မက နယ်ပယ်ကဏ္ဍစုံအတွက် အထူးပြုဆော့ဖ်ဝဲလ်တွေကို အမေရိကန်စစ်တပ်က အဓိကအားထားရမည့် ထုတ်လုပ်သူဖြစ်လာဖို့အထိ ရည်မှန်းထားကြတာ ဖြစ်ပါသည်။

“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ရိုဘော့တစ်စ် (robotics) နည်းပညာ ဒါမှမဟုတ် မောင်းသူမဲ့စနစ် (autonomy) တွေအကြောင်း ဘာမှ မသိလည်း သုံးလို့ရအောင် လုပ်ပေးဖို့ပါပဲ” ဟု Paul Lwin က သူ့ရဲ့ Laptop က အဆင့်တွေကို နောက်တကြိမ် ထပ်ပြပြီး ရှင်းပြနေသည်။

“တကယ်လို့ ဒါက ဒီလောက်အထိ မလွယ်ကူဘူးဆိုရင် ဒါဟာ သိပ္ပံစမ်းသပ်ချက်တစ်ခုပဲ ဖြစ်နေဦးမှာပါ။ အထူးသဖြင့် ရိုဘော့တစ်စ် ဒါမှမဟုတ် ရှာဖွေရေး အယ်လ်ဂိုရီသမ် (search algorithms) တွေမှာ ပါရဂူဘွဲ့ (PhD) မရထားကြတဲ့ ရှေ့တန်းက စစ်သည်တော်တွေအနေနဲ့ ဒီထက် ပိုခက်ခဲနေမယ်ဆိုရင် ဒါကို ဘယ်တော့မှ အသုံးပြုကြမှာ မဟုတ်ပါဘူး။” ဟု Paul Lwin က ဖြည့်စွက်ပြောဆိုလိုက်သည်။

𝐇𝐚𝐯𝐨𝐜𝐀𝐈 က ထုတ်လုပ်ထားသည့် ဒရုန်းလှေတပ်ဖွဲ့များမှာ - 𝐑𝐚𝐦𝐩𝐚𝐠𝐞 ၊ 𝐒𝐞𝐚𝐡𝐨𝐮𝐧𝐝 နှင့် 𝐀𝐭𝐥𝐚𝐬 တို့ ဖြစ်ပြီး 𝐑𝐚𝐦𝐩𝐚𝐠𝐞မှာ အလျား ၁၄ ပေသာရှိပြီး လှိုင်းကြောင့်မှောက်လည်း သူ့အလိုလို ပြန်တည့်မတ်နိုင်သည့် 𝐒𝐞𝐥𝐟-𝐫𝐢𝐠𝐡𝐭𝐢𝐧𝐠 စနစ်ပါဝင်ပြီး ကုန်ကျစရိတ် အလွန်သက်သာသည်။

𝐒𝐞𝐚𝐡𝐨𝐮𝐧𝐝မှာ အလျား ၃၈ ပေရှိပြီး ရေမိုင် ၁,၀၀၀ အထိ ခရီးနှင်နိုင်ကာ ပေါင် ၁,၀၀၀ အလေးချိန်အထိ စက်ပစ္စည်းများကို သယ်ဆောင်နိုင်သည်။ A𝐭𝐥𝐚𝐬 မှာ အလျား ပေ ၁၀၀ အထိရှိသော ဧရာမဒရုန်းလှေကြီးဖြစ်ပြီး အဆင့်မြင့် ရေဒါနှင့် လက်နက်စနစ်များ တပ်ဆင်ကာ ရေကြောင်းစစ်ဆင်ရေးများအတွက် အသုံးပြုသွားနိုင်မည်ဖြစ်သည်။

သူတို့ကို ထိန်းချုပ်ဖို့အတွက် "𝐇𝐚𝐯𝐨𝐜 𝐎𝐒" ဆော့ဖ်ဝဲလ်စနစ်ကို အသုံးပြုပြီး ကွန်ပျူတာစခရင်တစ်ခုကနေ ထိန်းချုပ်သူတစ်ဦးထဲက ဒရုန်းလှေပေါင်း ထောင်ချီကို အုပ်စုလိုက် တစ်ပြိုင်နက်တည်း အလွယ်တကူ ထိန်းချုပ်နိုင်မှာဖြစ်သည်။

အမေရိကန်စစ်တပ် အရာရှိများရှေ့မှာ ပြသခဲ့တဲ့ စမ်းသပ်မှုတစ်ခုမှာ San Diego ထိန်းချုပ်စခန်းကနေပြီး ပစိဖိတ်သမုဒ္ဒရာနှင့် မြောက်အတ္တလန္တိတ်သမုဒ္ဒရာတို့မှာ ရောက်ရှိနေသည့် ဒရုန်းလှေ ၂၅ စီးကို အောင်မြင်စွာ ထိန်းချုပ်ပြသနိုင်ခဲ့ပါသည်။ ထိန်းချုပ်ခံဒရုန်းလှေများသည် 𝐆𝐏𝐒 စနစ်နှင့် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားသော်လည်း အလိုအလျောက်တွက်ချက်ပြီး သွားလာနိုင်စွမ်းလည်း ရှိကြသည်။

ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) အကျပ်အတည်းက ကာလရှည်လာသည်နှင့်အမျှ မောင်းသူမဲ့ ဒရုန်းစက်လှေတွေအပေါ် စိတ်ဝင်စားမှုကလည်း မြင့်တက်နေသည်။ မကြာသေးမီက ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရရှိထားတဲ့ Havoc ကုမ္ပဏီကတော့ သူတို့မှာ အကောင်းဆုံးနည်းပညာရှိသည်ဟု ဆိုထားသည်။ သို့သော်လည်း Paul Lwin ရဲ့ HavocAI ဟာ Anduril နှင့် Saronic လိုမျိုး ပိုမိုကြီးမားတဲ့ ပြိုင်ဘက်ကုမ္ပဏီကြီးတွေဆီကနေ ပြင်းထန်တဲ့ စိန်ခေါ်မှုတွေကိုတော့ ရင်ဆိုင်နေရသည်။


Translated By JMT


Ref : Hunter-Hart, M. (2026, May 12). Meet the former Burmese refugee vying to be the U.S. military’s go-to drone guy. Forbes.



 
 
 

Comments


bottom of page