top of page

မီဇိုရမ်ပြည်နယ်သို့ ချင်းစစ်ဘေးရှောင်တစ်ထောင်နီးပါး ထပ်မံဝင်ရောက်

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 14
  • 1 min read

VOC/ May 14, 2026


ချင်းပြည် ဖလမ်းမြို့ကို အကြမ်းဖက်စစ်တပ်က ပြန်လည်သိမ်းပိုက်ပြီးနောက် အိန္ဒိယ-မြန်မာနယ်စပ်အမှတ် ၂ ကုန် သွယ်ရေး စခန်းတည်ရှိရာ ရိခေါဒါရ်မြို့ဘက်ကို ဆက်လက်ထိုးစစ်ဆင်လာနိုင်တယ်ဆိုတဲ့သတင်းကြောင့် ဒီရက်ပိုင်း အတွင်း မီဇိုရမ်ဘက်ကို ကြိုတင်စစ်ဘေးရှောင်သူ တစ်ထောင်နီးပါးရှိလာပြီလို့သိရပါတယ်။

စစ်ဘေးရှောင်တွေဟာ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် ဇိုခေါထာရ်ကျေးရွာထဲကို အများစုဝင်ရောက်ခိုလုံကြပြီး မေလ ၁၃ ရက်နေ့အထိ လူဦးရေ ၈၂၂ ဦးရှိနေပြီလို့ All India Radio News မှာဖော်ပြပါတယ်။

ဇိုခေါထာရ်ကျေးရွာကို ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံကစစ်ဘေးရှောင်တွေကို အာသံရိုင်ဖယ်တပ်နဲ့ မီဇိုရမ်ရဲတပ်ဖွဲ့တို့က သေချာစာရင်းပြုစုပြီး မီဇိုးလူငယ်အသင်း YMA အဖွဲ့ကလည်း ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်အများစုဟာ ဇိုခေါထာရ်မှာရှိတဲ့ မိသားစုဝင်၊ ဆွေမျိုးတွေထံ ခေတ္တခိုလုံနေကြပြီး တချို့မှာလည်း အိမ်ငှါးလိုက်ရှာကာ နေထိုင်ကြတယ်လို့သိရပါတယ်။

လတ်တလောအခြေအနေမှာ စစ်ဘေးရှောင်တွေ လူဦးရေသိပ်မများသေးတဲ့အတွက် ကြီးကြီးမားမားအခက်အခဲမရှိပေမယ့် တိုက်ပွဲတွေဖြစ်လာလို့ ထွက်ပြေးသူ များလာရင် နေရာချထားရေးအတွက် ခန်းမတွေ ကြိုတင်ပြင်ဆင် ထားတယ်လို့ ဇိုခေါထာရ် YMA တာဝန်ရှိသူတွေကပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဖလမ်းမြို့ကို ဧပြီလ ၂၅ ရက်နေ့ကသိမ်းပိုက်ပြီးနောက် ဟားခါးမြို့ကိုဆက်လက်ထိုးစစ်ဆင် နေပြီး ချွန်ကျုံးရွာကို ရောက်ရှိနေပြီလို့သိရပါတယ်။ တဖက်မှာလည်း ချင်းပြည်မြောက်ပိုင်း တွန်းဇံမြို့ကိုလည်း တီးတိန် ကနေ စစ်ကြောင်းထိုးနေပါတယ်။

လက်ရှိအနေအထားမှာတော့ ရိခေါဒါရ်မြို့ဘက်ကို စစ်ကြောင်းထိုးလာခြင်းမရှိသေးဘဲ ပြည်သူတွေစိုးရိမ်မလွန်ကြဖို့ နဲ့ တကယ်လို့ စစ်ကြောင်းထိုးဦးတည်လာပြီဆိုရင် ကြိုတင်အသိပေးသွားမယ်လို့ CDF-Hualngoram တာဝန်ရှိသူက ပြောပါတယ်။



 
 
 

Comments


bottom of page