မီဇိုရမ်ပြည်နယ်က စစ်ဘေးရှောင်တွေအတွက် ရူပီး ၅ ကုဋေတန်ဖိုးရှိဆန်များ အိန္ဒိယထောက်ပံ့မည်
- thevoiceofchinland
- Jun 9
- 1 min read
VOC/ June 9, 2026
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်း ခိုလုံနေကြတဲ့ စစ်ဘေးရှောင် ၄ သောင်းနီးပါးအတွက် ရူပီး ၅ ကုဋေတန်ဖိုးရှိသော ဆန်တွေကို အိန္ဒိယဗဟို အစိုးရက ဒုတိယအကြိမ်မြောက်အဖြစ် အခမဲ့ထပ်မံဖြန်ဝေရန် စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
မက်ထရစ်တန်ချိန် ၁၂၉၀ ကျော်ရှိမယ့် အဆိုပါဆန်တွေကို စားသုံသူရေးရာဝန်ကြီးဌာန (MCAF&PD) က အိန္ဒိယ စားနပ်ရိက္ခာကော်ပိုရေးရှင်း(FCI) ကတဆင့် မီဇိုရမ်ပြည်နယ် အစားအစာ၊ အရပ်ဘက်ထောက်ပံ့ရေးနှင့် စားသုံး သူရေးရာ (FCS&CA) ဝန်ကြီးဌာနကိုပို့ဆောင်ပြီး ရောက်ရှိနေပြီလို့ All India Radio News က ဖော်ပြပါတယ်။
အဆိုပါဆန်တွေကို ယခုလ ၃၀ ရက်နေ့အတိုင်ခင်မှာ မီဇိုရမ်ပြည်နယ် ခရိုင်အသီးသီးက စစ်ဘေးရှောင်တွေထံ ဖြန့်ဝေနိုင်ရန် စီစဉ်ထားပြီး စစ်ဘေးရှောင်ဦးရေ အနည်းအများပေါ်မူတည်ကာ ခွဲဝေဖြန့်ဖြူးသွားမယ်လို့ ဆိုပါတယ်။
အိန္ဒိယဗဟိုအစိုးရဟာ ၂၀၂၄ ခုနှစ်ကလည်း မီဇိုရမ်ပြည်နယ်က စစ်ဘေးရှောင်တွေအတွက် ရူပီး ၅ ကုဋေ တန်ဖိုးရှိ ဆန်တွေကို အခမဲ့ ဖြန့်ဖြူးပေးခဲ့ပြီးဖြစ်ပါတယ်။
ပြည်ထဲရေးဌာနရဲ့ မှတ်တမ်းတွေအရ မီဇိုရမ်ပြည်နယ်မှာ ယခုလက်ရှိ မြန်မာနိုင်ငံက စစ်ဘေးရှောင် ၂၉,၇၀၂ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ စစ်ဘေးရှောင် ၁,၆၇၁ ဦးနဲ့ မဏိပူရ်ပြည်နယ်က စစ်ဘေးရှောင် ၇,၃၄၄ ဦး ရှိနေတယ်လို့ သိရပါတယ်။
မဏိပူရ်ပြည်နယ် နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ စစ်ဘေးရှောင်တွေတိုးလာတာမျိုးမရှိပေမယ့် ချင်းပြည်နယ် ဘက်မှာ တကျော့ပြန်တိုက်ပွဲကြောင့် မီဇိုရမ်ပြည်နယ်မှာ မြန်မာစစ်ဘေးရှောင်တွေကတော့ တနေ့ထက်တနေ့တိုး လာနေတယ်လို့ သိရပါတယ်။




Comments