မော်စကိုမြို့ကို ယူကရိန်း ဒရုန်းအလုံးအရင်းဖြင့် တိုက်ခိုက်၊ လေဆိပ်ကြီး ၄ ခု ယာယီပိတ်လိုက်ရ
- thevoiceofchinland
- Jun 19
- 1 min read
VOC/ 18 June 2026
ယူကရိန်းနိုင်ငံဟာ ရုရှားမြို့တော် မော်စကိုကို စစ်ပွဲစတင်ပြီးနောက်ပိုင်း အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှုတစ်ရပ် ပြုလုပ်ခဲ့ပြီး မော်စကိုဒေသကို ဒရုန်းအစင်းရေ ၂၀၀ နီးပါးဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
မော်စကိုမြို့တော်ဝန် Andrei Vorobyov ရဲ့ အဆိုအရ ကြာသပတေးနေ့ အရုဏ်တက်ချိန်အထိ ဒရုန်း ၁၉၄ စင်းထက်မနည်းကို ပစ်ချနိုင်ခဲ့ပြီး၊ လူ ၁၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ ၂၄ နာရီအတွင်း ယူကရိန်းဘက်က ဒရုန်း ၁၀၀၀ နီးပါးနဲ့ ယူကရိန်းခရုဇ်ဒုံးကျည် ၄ စင်းကို ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
သို့ပေမယ့် တိုက်ခိုက်မှုကြောင့် မော်စကိုမြို့ရှိ အဓိကလေဆိပ်ကြီး ၄ ခုကို ယာယီပိတ်ထားခဲ့ရပြီး လေကြောင်းခရီးစဉ် ၅၀၀ ကျော် ဖျက်သိမ်းခြင်းနှင့် နှောင့်နှေးခြင်းများ ဖြစ်ပွားခဲ့ပါတယ်။
ဒါ့အပြင် ကရင်မလင်နန်းတော်နဲ့ ၁၅ ကီလိုမီတာအကွာက ရေနံချက်စက်ရုံဟာ တပတ်အတွင်းနှစ်ကြိမ်မြောက်တိုက်ခိုက်ခံရတယ်လို့ ရုရှားသတင်းတွေက ဖော်ပြပါတယ်။ ရုရှားတောင်ပိုင်း Rostov ဒေသရှိ ရေနံသိုလှောင်ရုံတစ်ခုတိုက်ခိုက်ခံရပြီး လူတစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
မော်စကို ရေနံချက်စက်ရုံတစ်ရုံလည်း ထိခိုက်ခဲ့ပြီးနောက် မြို့အချို့တွင် အနက်ရောင် ဆီမှုန်များ မိုးရွာသလို ကျဆင်းလာကြောင်း ဒေသခံများက ပြောဆိုထားပါတယ်။ ဒရုန်းများ ကောင်းကင်ပေါ် ပျံသန်းနေသည့် မြင်ကွင်းများ၊ ပေါက်ကွဲသံများနှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးသည့် ဗီဒီယိုများကိုလည်း ဒေသခံများက လူမှုကွန်ရက်များပေါ်တွင် မျှဝေခဲ့ကြပါတယ်။
ယူကရိန်းသမ္မတ Volodymyr Zalensky ကတော့ အခုလုပ်ရပ်ကို လက်စားချေတဲ့လုပ်ရပ်ဖြစ်တယ်လို့ ဝန်ခံလိုက်ပြီး ရုရှားရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတာဟာ စစ်ပွဲကို ရပ်တန့်တဲ့ဗျူဟာ ဖြစ်တယ်လို့ ဆိုပါတယ်။ ယူကရိန်းသာ မီးဟုန်းဟုန်းတောက်ရင် မော်စကိုလည်း မီးဟုန်းဟုန်းတောက်စေရမယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။ စစ်ပွဲအဆုံးသတ်ရေးအတွက် ရုရှားဘက်က သံတမန်ရေးနည်းလမ်းများကို လက်ခံဆောင်ရွက်သင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။




Comments