မြစ်ဆုံစီမံကိန်းအပြီးဖျက်သိမ်းရန် မြစ်ကြီးနားတက္ကသိုလ်ကျောင်းသား/လူငယ်တွေ ဆန္ဒပြ
- thevoiceofchinland
- May 26
- 1 min read
VOC/ May 26, 2026
အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အစိုးရက မြစ်ဆုံရေကာတာစီမံကိန်း ပြန် လည်လုပ်ဆောင်ရန် ကြိုးပမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှုတစ်ရပ်ကို မြစ်ကြီးနားတက္ကသိုလ်ကျောင်းသား၊ လူငယ်တွေက ပြုလုပ်ခဲ့ကြပါတယ်။
ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(KHRW) က ဦးစီးပြီ တက္ကသိုလ်ကျောင်းသားလူငယ်တွေပါဝင်တဲ့ အဲဒီလှုပ် ရှားမှုကို ဧရာဝတီမြစ်ကမ်းနဘေးမှာ မနေ့ မေလ ၂၅ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်အစိုးရဟာ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်နိုင်ရန် ကော်မတီများဖွဲ့စည်းကာ ကချင်ပြည် နယ်က မြို့နယ်အသီသီးရှိ ဒေသခံပြည်သူများကို ခေါင်းစဉ် အမျိုးမျိုးဖြင့် အစည်းအဝေးဖိတ်ခေါ်ပြီး ဝါဒဖြန့်တဲ့ လူထုတွေ့ဆုံဆွေးနွေးပွဲတွေပြုလုပ်နေတာကြောင့် ခုလိုပြင်းပြင်းထန်ထန်ကန့်ကွက်ရတာလို့ KHRW က ဆိုပါတယ်။
မြစ်ဆုံဒေသဟာ အမှတ်သင်္ကေတ တစ်ခုဖြစ်သလို မြန်မာနိုင်ငံတစ်နိုင်ငံလုံးရဲ့ အသက်သွေးကြောတစ်ခုလည်းဖြစ်ပြီး
ရေကာတာ တည်ဆောက်မယ်ဆိုရင် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးစတဲ့ နောက်ဆက်တွဲ ဆိုးကျိုးများစွာဖြစ်ပေါ် လာနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီဆိုးကျိုးတွေကို မြန်မာနိုင်ငံသူ နိုင်ငံသားတွေ၊ အထူးသဖြင့် ကချင်ပြည်နယ်ရှိ ဒေသခံပြည်သူတွေက အများဆုံး ခံစားရမှာဖြစ်တာကြောင့် ကန့်ကွက်ရခြင်းဖြစ်တယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ မြစ်ကြီးနားဒေသခံတစ်ဦးကပြောပါတယ်။
မတည်ငြိမ်တဲ့နိုင်ငံရေးအခြေအနေအောက်မှာ မြစ်ဆုံစီမံကိန်းကြောင့် လက်နက်ကိုင်ပဋိပက္ခတွေ ပိုမိုမြှင့်တက်စေ နိုင်တယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ဒါရိုက်တာ ဆိုင်းမိုင်ကပြောပါတယ်။
“ လတ်တလော ကချင်မှာ စစ်ရေးအရှိန်မြှင့်ဖို့ လက်နက်တွေ၊ စစ်ယာဉ်တန်းတွေ ပိုပို့မြှင့်တင်ပို့ဆောင်နေတာ တွေ့ရ တယ်။ အဲတာတွေက မြစ်ဆုံ စီမံကိန်းပြန်စ နိုင်ဖို့နဲ့၊ ပိုးလမ်းမကြီးရှိတဲ့နေရာ၊ သဘာဝ သယံဇာတတူးဖော်တဲ့ နေရာ တွေကို ဦးတည်နေကြတယ်”လို့ ဆိုင်းမိုင်ကပြောပါတယ်။
စစ်ရေးအခြေအနေကြောင့် သိန်းနှင့်ချီသော ပြည်သူတွေ နယ်ရပ်ကိုစွန့်ခွာစစ်ပြေးတိမ်းရှောင်နေကြရပြီး စစ်ပွဲတွေ ကြောင့် ကျီးလန့်စာ လုပ်ကိုင်စားသောက်နေရတဲ့အချိန်မှာ ပြည်သူတွေကို အတင်းအကြပ်စုဆောင်းပြီး ထောက်ခံမှု ရယူတာ၊ခြိမ်းခြောက်တာတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ KHRW ကဆိုပါတယ်။
ဧရာဝတီမြစ်ဆုံစီမံကိန်းကြောင့် ဖြစ်ပေါ်လာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဆိုးကျိုးတွေနဲ့ နောက်ဆက်တွဲ ပြဿနာတွေကိုလည်း ဆက်လက်စောင့်ကြည့်သွားမှာဖြစ်သလို မြစ်ဆုံစီမံကိန်း လုံးဝဖျက်သိမ်းရန် မြစ်ကြီးနားမြို့ရှိ တက္ကသိုလ် ကျောင်းသား/ သူများ၊ ဒေသခံများ၊ လူငယ်များနှင့် ဧရာဝတီမြစ်ကြောင်းတလျှောက်က ပြည်သူ များနှင့်အတူ ဆက်လက်ကန့်ကွက်သွားမယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။










Comments