top of page

မြစ်ခြေရဲစခန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက်၊ အကြမ်းဖက်စစ်သား ၂ ဦးသေ၊ ၁၄ ဦးလက်နက်ချအညံ့ခံ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 10
  • 1 min read

VOC/ June 10, 2026


မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ပြီး အကြမ်းဖက် စစ်သား ၂ ဦးသေဆုံးကာ ၁၄ ဦး လက်နက်ချအညံ့ခံ ဖမ်းဆီးထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်က ဒီကနေ့မှာထုတ်ပြန်ပါတယ်။

အကြမ်းဖက် စစ်တပ်ဟာ မေလ (၁၀) ရက်ကနေ ဇွန်လ (၂) ရက်နေ့အထိ မြစ်ခြေမြို့ကပြည်သူလူထုပိုင် နေအိမ် အဆောက်အဦးပေါင်း (၁၀၀၀) ကျော်ကို မီးရှို့ဖျက်ဆီးကာ ပြည်သူ (၂၄) ဦး (အတည်ပြုနိုင်သည့်) ကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ PDF စစ်ရုံးချုပ်ထံကနေသိရပါတယ်။

ပြည်သူ ၂၄ ဦးကို ရက်စက်စွာ မီးရှို့သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ မြစ်ခြေရဲစခန်းကို ဇွန်လ ၁၀ ရက်နေ့မနက်ပိုင်း ၄ နာရီမှာ မကွေးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ၊ ပခုက္ကူခရိုင် စစ်ဌာနရဲ့ ဦးဆောင်ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် (၅) နာရီမှာ အပြီးသတ်ချေမှုန်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား (၂) ဦး သေဆုံးပြီး (၁၄) ဦး စစ်သုံ့ပန်းအဖြစ် လက်နက်ချအညံ့ခံခဲ့တယ်လို့ဆို ပါတယ်။ စစ်သုံ့ပန်းတွေကို နိုင်ငံတကာ စစ်ဥပဒေတွေနဲ့ အညီ ထိန်းသိမ်းထားရှိပြီး စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို စစ်ဘက်ဆိုင်ရာ ဥပဒေတွေနဲ့အညီ စိစစ်ဖော်ထုတ်ကာ စစ်တရားမှာ ရုံးတင်စစ်ဆေး အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်းမှာ G-3 (၁၈)လက်၊ 79 (၁) လက်၊ ခြောက်လုံးပြူး (၂) လက်၊ ၆၀မမ ကွန်မန်ဒိုစိန်ပြောင်း (၁) လက်၊ G-3 ကျည်ဘောက် (၂၇) ဘောက်၊ လက်လုပ် လေသေနတ် (၁) လက်၊ ကျည်ကာ ဦးထုပ် (၇)လုံး၊ G-3 ကျည် (၁၉၀၈) တောင့် သိမ်းဆည်းရရှိခဲ့ကြပါတယ်။



 
 
 

Comments


bottom of page