မြိုင်မြို့နယ် သရက်ကန်ရွာက စစ်တပ်နဲ့ပျူစောထီးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေသိမ်းပိုက်
- thevoiceofchinland
- May 25
- 1 min read
VOC/ May 25, 2026
မကွေးဒေသ၊ မြိုင်မြို့နယ် သရက်ကန်ကျေးရွာမှာ အခိုင်အမာတပ်စွဲထားကြတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီး တပ်ဖွဲ့စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက မေလ ၂၃ ရက်နေ့က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး သေနတ် ၁၈ လက်နဲ့ ခဲယမ်းအမြောက်အများသိမ်းဆည်းရရှိခဲ့ပါတယ်။
ဒေသတွင်းတော်လှန်ရေးမဟာမိတ် ၁၀ ဖွဲ့ကျော်ပူးပေါင်းပြီး "တမာမြေစစ်ဆင်ရေး"လို့အမည်ပေးထားကြတဲ့ ဒီစစ်ဆင်းရေးမှာ သရက်ကန်ရွာက စစ်တပ်နဲ့ပျူစခန်းကို မေလ ၂၂ ရက်၊ မနက် ၅ နာရီခန့်မှာ စတင်တိုက်ခိုက်ခဲ့ပြီး လေကြောင်း ကနေ အကြိမ် ၄၀ ထက်မနည်း ပစ်ကူပေးနေတဲ့ကြားကနေ အပြီးသတ်သိမ်းပိုက်နိုင်ကြခဲ့တာဖြစ်ပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲမှာ ကာဘိုင် ၁၁ လက်၊ ၁၂ ဗို့ ၆ လက်၊ လက်လုပ် ၁ လက်နဲ့ ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကထုတ်ပြန်ပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတွေရဲ့ ဖိနှိပ်မှုဒဏ် ၅ နှစ်ခန့်ခံခဲ့ရတဲ့ အမျိုးသမီး၊ ကလေးငယ်တွေအပါအဝင် ပြည်သူ ၄၉ ဦးကို ကယ်တင်နိုင်ခဲ့ကြတယ်လို့ ဖော်ပြပါတယ်။
အဲဒီစစ်ဆင်ရေးမှာ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် PDF အမှတ် (၂၊ ၆၊ ၇၊ ၁၄၊ ၁၇) တပ်ရင်းများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF ၊ မကွေးဖက်ဒရယ်ယူနစ်ကာကွယ်ရေး စစ်ကြောင်း ၁ (MFUDC -1)၊ KG တပ်ဖွဲ့၊ ပခုက္ကူခရိုင် စစ်ဌာန(ဒရုန်းတပ်ဖွဲ့)၊ မြိုင် ပကဖ၊ ပေါက် ပကဖ၊ ပခုက္ကူ ပကဖ၊ ကမ္မတပ်ပေါင်းစု၊ PLC တပ်ပေါင်းစု၊ အညာမြေ တပ်ပေါင်းစု၊ မကွေးတိုင်းလှုပ်ရှားစစ်ကြောင်း အမှတ် ၄၊ ပြည်သူ့လုံခြုံရေးအင်အားစု(ကမ္မ)၊ မြိုင် ပကဖ အဖွဲ့ဝင်(ဂဠုန်၊ JOKER ၊ GOOD BROTHER ၊ TYK ၊ JRF ၊ စက်ြာ ၊ ဝံပုလွေ) တပ်ဖွဲ့များ၊ တပ်ရင်းဆေးတပ်ဖွဲ့၊ မြို့နယ်ဆေးတပ်ဖွဲ့ ၊ မြိုင်မြိုနယ်တောင်ပိုင်းဇုန် (ပအဖ၊ ပကဖ)နဲ့ တော်လှန်ပြည်သူတွေက စည်းလုံးစွာပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်ရေးပြင်းထန်လာနိုင်တဲ့အပြင် သရက်ကန်ကျေးရွာကို နေအိမ်နဲ့ လမ်းတိုင်းမှာ မိုင်းတွေထောင်ထားတာ ကြောင့် ပြည်သူတွေအနေနဲ့ ဝင်ထွက်သွားလာတာတွေ မပြုလုပ်ကြသေးဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထုတ် ပြန်ထားပါတယ်။











Comments