မြိုင်ဘက်ကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်က စိတ်ရောဂါသည် ၁ ဦး အပါအဝင် ပြည်သူ ၅ ဦးကို သတ်ဖြတ်
- thevoiceofchinland
- Jun 25
- 1 min read
VOC/ June 23, 2026
မကွေးဒေသ၊ မြိုင်မြို့နယ် တောင်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်က စိတ်ရောဂါသည်တစ်ဦးအပါ အဝင် ဒေသခံ ပြည်သူ ၅ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ We Love Myaing အဖွဲ့ထံမှသိရပါတယ်။
မိတ္ထိလာအခြေစိုက် တပ်မ ၉၉ နဲ့ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ပူးပေါင်းစစ်ကြောင်းဟာ ဇွန်လ ၁၅ ရက်မှာ ကမ္မဒေသကနေ မြိုင်နယ်တောင်ပိုင်း တွင်းမ ပျူစောထီးရွာကို ဝင်ရောက် အခြေပြုပြီးနောက် တောင်ပိုင်း ကျေးရွာတွေကို စစ်ကြောင်းထိုးဝင် ရောက်လာခဲ့တာလို့ဆိုပါတယ်။
စစ်ကြောင်းထိုးဝင်ရောက်ရာ လမ်းတစ်လျှောက်မှာ ဒေသခံအရပ်သားပြည်သူ ၅ ဦးကို ဖမ်းဆီးပြီးနောက် နှိပ်စက်သတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်က သတ်ဖြတ်သွားတဲ့ သူတွေကတော့ မြေရင့်ရွာက အသက် ၄၀ အရွယ် စိတ်ရောဂါ ဝေဒနာရှင် ဦးကျော်လွင် ၊ သာစည်ရွာက အသက် ၅၆ နှစ်အရွယ် ဦးဝင်းရွှေ ၊ နှင်းဆီကန်ရွာက အသက် ၅၆ နှစ်အရွယ် ဦးမြင့်ဦး ၊ မိတ္ထီလာရွာက အသက် ၃၂ နှစ်အရွယ် ကိုနေဇော် ၊ အသက် ၃၃ နှစ်အရွယ် ကိုမင်းမင်းဦးတို့ဖြစ်တယ်လို့ သိရပါတယ်။
အခု ဖော်ပြခဲ့တဲ့ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့ အရေအတွက်ဟာ လက်ရှိ အလောင်းတွေ့ရှိထားတဲ့ စာရင်းသာဖြစ်ပြီး၊ အလောင်းမတွေ့ရသေးတဲ့ တခြား သတ်ဖြတ်ခံရသူတွေလည်း ရှိနေနိုင်တယ်လို့ သိရပါတယ်။
ဒေသခံ ပြည်သူတွေ အနေနဲ့ စစ်ကြောင်းထိုးဝင်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခြင်း မခံရအောင် အထူးသတိထား ရှောင်ရှားသွားလာကြဖို့ ဒေသခံအဖွဲ့အစည်းတွေက အသိပေးထုတ်ပြန် ထားပါတယ်။




Comments