မိုင်းခွဲခံရတဲ့ မဏိပူရမြစ်ကူး(မံဆောင်းတံတား)ရဲ့ အောက်ခြေတိုင်တွေ အင်္ဂတေတွေနဲ့ ပြန်လည်ပြုပြင်
- thevoiceofchinland
- Jun 25
- 1 min read
VOC/ June 24, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်ထဲက အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကသွေးကြောတစ်ခုဖြစ်တဲ့ မဏိပူရမြစ်ကူး မံဆောင်းတံတား ဖျက်ဆီးခံရမှုကြောင့် လူမှုဘဝနဲ့ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်လုနီးပါးဖြစ်ခဲ့ရပါတယ်။
ချင်းပြည်မြောက်ပိုင်း တီးတိန်မြို့နဲ့ ဟွာလ်းငိုးရမ်းဒေသ ရိခေါဒါရ်မြို့ကိုဆက်သွယ်ထားတဲ့ ဒီမံဆောင်းတံတားရဲ့ အောက်ခြေတိုင်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက ပြီးခဲ့တဲ့ဇွန်လ ၇ ရက်နေ့တုန်းက လျှပ်စစ်ရှော့တိုက်မိုင်း တွေ နဲ့ ဖောက်ခွဲခဲ့တာဖြစ်ပါတယ်။
အဆိုပါ မိုင်းခွဲခံရမှုကြောင့် တံတားမှာ ကျိုးကျသွားခြင်းမရှိပေမယ့် အောက်ခြေအလယ်တိုင်ဟာ မိုင်းဒဏ်ကြောင့် အတော်လေးပျက်စီးမှုရှိခဲ့ပြီး ဒါကို Lamzang ကျေးရွာလူငယ်တွေက အင်္ဂတေတွေ နဲ့ ပြန်လည်ပြုပြင်နေကြတာဖြစ်ပါတယ်။
ဒီမံဆောင်းတံတားဟာ တီးတိန်ကနေ အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့ကို သွားလာရာမှာ အဓိကအသုံးပြုနေရတဲ့ တံတားတစ်စင်းဖြစ်ပါတယ်။
လက်ရှိမှာတော့ တံတားပေါ်မှာ ကားတွေဖြတ်သန်းလို့မရတော့ဘဲ နယ်စပ်ဘက်ကိုပို့မယ့် ကုန်ပစ္စည်းတွေကို လူအင်အားဖြင့် မြစ်ရဲ့တစ်ဘက်ကမ်းကို တံတားပေါ်ကနေ သယ်ယူပို့ဆောင်နေကြတာ တွေ့မြင် ရပါတယ်။
ချင်းပြည်ရဲ့ နာမည်ကျော်မဏိပူရမြစ်ပေါ် မှာ တည်ဆောက်ထားတဲ့ မံဆောင်းတံတားဟာ ၂ ခုရှိပါတယ်။ တစ်ခုကတော့ နအဖ စစ်အစိုးရ လက်ထက်က ဆောက်ထားတဲ့ တံတားဖြစ်ပြီး နှစ်ပေါင်း ၃၀ ကျော်ခန့်ရှိပြီဖြစ်ပါတယ်။
ဒါကြောင့် NLD အစိုးရလက်ထက်မှာ မံဆောင်းတံတားအသစ်ကို ထပ်မံတည်ဆောက်ခဲ့ကြပြီး ၂၀၂၂ ခုနှစ်မှာ အပြီး သတ်ဖို့လျားထားခဲ့ကြပေမယ့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနဲ့ကြုံခဲ့ရတာကြောင့် အပြီးမသတ်ခင် လုပ်ငန်းအားလုံး ရပ်နားခဲ့ရတာဖြစ်ပါတယ်။
ဒါကြောင့် စစ်အာဏာသိမ်းမှုကာလတစ်လျှောက်မှာ တံတားအဟောင်းကိုသာ ပြည်သူတွေကိုအသုံးပြုနေကြရပါတယ်။
အဲဒီတံတားအဟောင်းကိုလည်း ၂၀၂၄ ခုနှစ် ဇွန်လ ၈ ရက်နေ့မှာ အကြမ်းဖက် စစ်တပ်က မိုင်းခွဲခဲ့တာကြောင့် တံတားမှာ ကျိုးကျပျက်စီးသွားလို့ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ခဲ့ရပြီး ပြည်သူတွေ အကြီးအကျယ် ဒုက္ခရောက်ကြရ ပါတယ်။
အဲဒီနောက် NLD အစိုးရလက်ထက်တုန်းကဆောက်ခဲ့တဲ့ မပြီးပြတ်သေးတဲ့တံတားကို ပြည်သူတွေ နဲ့ တော်လှန်ရေး အင်အားစုတွေက ယာယီဖြတ်သန်းသွားလာလို့ရအောင် ကြမ်းတွေခင်းပြီး လူ နဲ့ ကားသွားလာလို့ရအောင် ပြုပြင်ကာ အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။
Video Credit- Mung Mung Suai/ Khup Sing




Comments