ဗင်နီဇွဲလားမှာ အင်အားပြင်းထန်တဲ့ ပြင်းအား ၇.၂ နှင့် ၇.၅ ငလျင်နှစ်ကြိမ်ဆက်တိုက်လှုပ်ခတ်
- thevoiceofchinland
- Jun 25
- 1 min read
VOC/ June 25, 2026
ဗင်နီဇွဲလားနိုင်ငံမှာ ဇွန်လ ၂၄ ရက် ညနေပိုင်းက အင်အားပြင်းထန်တဲ့ ငလျင်နှစ်ကြိမ် ဆက်တိုက်လှုပ်ခတ်ခဲ့ပြီး မြို့တော် ကာရာကတ်စ်က အဆောက်အအုံတချို့ ပြိုကျပျက်စီးခဲ့ပါတယ်။
အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန (USGS) ရဲ့ ထုတ်ပြန်ချက်အရ ပထမတကြိမ်ငလျင်က ပြင်းအား ရစ်ခ်တာစကေး ၇.၂ ရှိပြီး ငလျင်ဗဟိုချက်မှာ ကာရစ်ဘီယံကမ်းရိုးတန်းတစ်လျှောက်က မိုရွန်မြို့ အနောက်ဘက်၊ မြို့တော်ကာရာကတ်စ်ရဲ့ အနောက်ဘက် ၁၆၈ ကီလိုမီတာ (၁၀၄ မိုင်) ခန့်အကွာမှာ တည်ရှိပါတယ်။ အဆိုပါငလျင်ဟာ မြေအောက်အနက် ၁၃ ကီလိုမီတာ (၈ မိုင်) ကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကနဦးသတင်းတွေမှာ ငလျင်ပြင်းအားကို ၇.၁ လို့ ဖော်ပြခဲ့ပါတယ်။
မိနစ်ပိုင်းအကြာမှာ ပထမငလျင်ထက် အင်အားပိုပြင်းထန်တဲ့ ပြင်းအား ၇.၅ ရှိ ငလျင်တစ်ခု ထပ်လှုပ်ခဲ့ပြီး ဒုတိယငလျင်က မြေအောက်အနက် ၁၀ ကီလိုမီတာမှာ ရှိပါတယ်။ ငလျင်ဗဟိုချက်မှာ မိုရွန်မြို့ အနောက်တောင်ဘက် ၁၆ ကီလိုမီတာ (၁၀ မိုင်) အကွာမှာ ဖြစ်ပါတယ်။
"လူသေဆုံးဒဏ်ရာရမှု များပြားနိုင်ပြီး ပျက်စီးဆုံးရှုံးမှုလည်း ကြီးမားနိုင်တာကြောင့် ဘေးအန္တရာယ်ဟာ ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်မှုရှိနိုင်ပါတယ်”လို့ USGS က ပြောကြားထားပါတယ်။ ငလျင်ကြောင့် ကာရာကတ်စ်မြို့ရှိ ပြည်သူတွေဟာ ယိမ်းခါနေတဲ့ အဆောက်အအုံတွေအတွင်းက အပြင်သို့ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပြီး အိမ်ပြင်လမ်းမမှာပဲ ဆက်နေကြရပါတယ်။
Source – The Guardian, Reuters




Comments