top of page

ဖလမ်း - ဟားခါးကြားလိုင်ဗားဆည်အနီးတိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၁၅ ဦး သေ

  • Writer: thevoiceofchinland
    thevoiceofchinland
  • 5 days ago
  • 1 min read

VOC/ May 8, 2026


ချင်းပြည်ဖလမ်းမြို့ကနေ ဟားခါးဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ မနေ့ကတိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး အကြမ်းဖက်စစ်သား ၁၅ ဦးခန့်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဖလမ်းမြို့ကို ဧပြီလ ၂၅ ရက်နေ့ကသိမ်းပိုက်ပြီးနောက် ဖလမ်း-ဟားခါးလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာတာဖြစ်ပြီး မနေ့ မေလ ၇ ရက်နေ့မှာ Tlangzar ကျေးရွာအထက် လိုင်ဗားဆည်အနီးမှာ ချင်းတော်လှန် ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။

အဲဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၁၅ ဦးသေဆုံးပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့ဘက်ကတော့ ထိခိုက်မှုမရှိဘူးလို့ CNF ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီကပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဧပြီလ ၂၆ ရက်နေ့ကစပြီး ဖလမ်းမြို့ကနေ ဟားခါးလမ်းမကြီးအတိုင်း အင်အား ၃၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာတာဖြစ်ပြီး ချင်းအမျိုးသားတပ်မတော် CNA ဦးဆောင်သော ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်ဖွဲ့တွေက ခုခံတိုက်ခိုက်နေတာ ၁၀ ရက်ကျော်ရှိလာပြီဖြစ်ပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်ကြောင်းဟာ ဟားခါးမြို့ကနေ မိုင် ၂၀ ကျော်ခန့်ကွာဝေးတဲ့ လိုင်ဗားဆည်အနီးမှာ ခြေကုတ်ယူတပ်စွဲထားကြပြီး ထန်တလန်မြို့ဘက်ကို ဦးတည်နိုင်တယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။



 
 
 

Comments


bottom of page