top of page

ဖလမ်းမြို့နယ်မှာ အသက် ၇၀ အရွယ် အဘွားအိုကို အကြမ်းဖက်စစ်သားတွေက မုဒိမ်းပြုကျင့်ပြီး သတ်ဖြတ်

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 1
  • 1 min read

VOC/ April 29, 2026


ချင်းပြည်ဖလမ်းမြို့ကို သိမ်းပိုက်ခဲ့တဲ့အကြမ်းဖက်စစ်သားတွေက ရွာမှာကျန်ခဲ့တဲ့အဘွားအိုတစ်ဦးကို မုဒိမ်းပြုကျင့်ပြီးနောက် သေနတ်ဖြင့်ပစ်သတ်သွားတယ်လို့ သိရပါတယ်။

ဖလမ်းမြို့မှ ၇ မိုင်ခန့်အကွာ ဖလမ်း-ဟားခါးလမ်းဘက်မှာတည်ရှိသော Thanhniar ရွာသစ်မှာ ဧပြီလ ၂၆ ရက်တနင်္ဂနွေနေ့မှာ အကြမ်းဖက်စစ်သားတွေဝင်ရောက်ပြီး ကျေးရွာထဲကျန်ရှိနေသော အသက် ၇၀ အရွယ်အဘွားအိုကို နေအိမ်အတွင်း မုဒိမ်းပြုကျင့်ပြီးနောက် နဖူးတည့်တည့်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြတယ်လို့ ရွာသားတွေထံကနေသိရပါ တယ်။

“ အဘွားက ရွာထဲမှာကျန်ခဲ့တာ၊ တနင်္ဂနွေနေ့က တောထဲကိုရှောင်ကြတဲ့ရွာသားတချို့က ဝက်စာကြွေးဖို့ ရွာကိုပြန်သွားတဲ့အချိန်မှာ ရွာထဲကိုစစ်သားတွေရောက်နေတယ် အဲဒီအဘွားနေအိမ်ကနေ အော်ဟစ်သံတွေကြားရ တာကြောင့် ကြောက်လန့်ပြီး ပြန်လှည့်သွားကြတာ၊ ဒီနေ့မနက်ပိုင်းကျမှ ရွာကိုပြန်သွားတဲ့အခါမှာ အဘွားက သူ့ကုတင်မှာ သေနတ်ဒဏ်ရာနဲ့သေဆုံးနေတာကို တွေ့ရှိကြတာ” လို့ Thanhniar ရွာသစ်ဒေသခံတစ်ဦးကပြောပါတယ်။

အလောင်းတွေ့ရှိသူတွေရဲ့ပြောဆိုချက်အရ အဘွားအိုဟာ အသတ်မခံရခင်မှာ အကြမ်းဖက်စစ်သားတွေက မုဒိမ်းပြုကျင့်ခဲ့တဲ့အနေအထားတွေ့ရှိရပြီး နဖူးတည့်တည့်မှာ သေနတ်ဖြင့်ပစ်သတ်ခံရတယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်သားတွေဟာ အဘွားအိုကို မုဒိမ်းကျင့်သတ်ဖြတ်ပြီးနောက် နေအိမ်နဲ့အတူ မီးရှိုဖို့ကြိုးစားခဲ့ကြပေမယ့် နေအိမ်မှာအကုန်မီးမလောင်ခဲ့ဘူးလို့သိရပါတယ်။

လက်ရှိမှာတော့ အကြမ်းဖက်စစ်သားတွေ Thanhniar ရွာသစ်မှာထပ်မံရောက်ရှိလာတာကြောင့် ရုပ်အလောင်းကို မသယ်ရဲကြသေးဘူးလို့သိရပါတယ်။

အကြမ်းဖက်စစ်သားတွေဟာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက တစ်နှစ်ကြာထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ကို မြေပြင် နဲ့ ဝေဟင်၊ လက်နက်ခဲယမ်းသာလွန်အင်အားဖြင့် အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ၇ လနီးပါးအကြာ ဧပြီလ ၂၅ ရက်နေ့မှာ ပြန်လည်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ယခုလက်ရှိ ဖလမ်းမြို့ နဲ့ ဆူရ်းဘုန်လေဆိပ်ကို အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ် အမှတ်(၇၇၂) နည်းဗျူဟာမှူး ဗိုလ်မှူးကြီး နေလင်းထွန်း ဦးစီးစစ်ကြောင်းက တာဝန်ယူခြေကုတ်ယူတပ်စွဲထားတယ်လို့သိရပါတယ်။

အမှတ်(၇၇၁)နည်းဗျူဟာမှူး ဗိုလ်မှူးကြီး လွှမ်းမိုးနိုင် ဦးစီးစစ်ကြောင်းကတော့ ဖလမ်းမြို့ကနေ ဟားခါးဘက်သို့ ဦးတည်ကာ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေပြီး ဖလမ်းကနေ ဟားခါးဘက်အထွက် လုံပီး၊ လုံဟရန်း နဲ့ ရာလ်သီး၊ Thanhniar ကျေးရွာဘက်မှာ ဝင်ရောက်နေယူထားတယ်လို့သိရပါတယ်။

ဖလမ်းမြို့နယ် Sumhrang ကျေးရွာဘက်မှာ ခြေကုတ်ယူထားတဲ့ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးကြီး နေဝင်း ဦးစီးတဲ့ စစ်ကြောင်းကလည်း Sumhrang ကျေးရွာကနေ အမှတ်(၇၇၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီး လွှမ်းမိုးနိုင် ဦးစီးစစ်ကြောင်းနဲ့ ပူးပေါင်းနိုင်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံကနေသိရပါတယ်။

အမှတ်(၇၇၃)နည်းဗျူဟာမှူး ဗိုလ်မှူးကြီး လှမျိုးထွန်း ဦးစီးစစ်ကြောင်းကတော့ ကလေး-သိုင်းငင်း-ဖလမ်း လမ်းပိုင်းကို လုံခြုံရေးစခန်းချ တာဝန်ယူထားတယ်လို့သိရပါတယ်။



 
 
 

Comments


bottom of page