ဖလမ်းကိုတက်လာတဲ့ စစ်တပ်ယာဥ်တန်းတိုက်ခိုက်မှု ဗိုလ်ကြီးအဆင့်အပါအဝင် ၇ ဦးထက်မနည်းသေဆုံး
- thevoiceofchinland
- 6 days ago
- 1 min read
VOC/ May 7, 2026
စစ်ကိုင်းတိုင်း ကလေးမြို့ကနေ ချင်းပြည် ဖလမ်းမြို့ကို တက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို မနေ့က တိုက်ခိုက်ရာမှာ ဗိုလ်ကြီးအဆင့်အပါအဝင် ၇ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ CDF-CDM Siyin တပ်ဖွဲ့ထံကနေ သိရပါတယ်။
မနေ့ မေလ ၆ ရက်နေ့က ဖလမ်းမြို့မှာ စစ်အုပ်ချုပ်ရေးယန္တရားတွေပြန်စဖို့ စစ်တပ်က ကလေးမြို့ကနေ Non-CDM ဝန်ထမ်းတွေခေါ်လာပြီး စစ်ယာဉ်တန်းနဲ့တက်လာတာကို CDF-CDM Siyin တပ်ဖွဲ့က ကလေး-သိုင်းငင်းကြား ကော်ဖီ ခြံအကွေ့မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ တပ်မ(၇၇)က ဗိုလ်ကြီး၊ ဗိုလ်တစ်ဦးနဲ့ တပ်သားသုံးဦးရဲ့အလောင်း နဲ့ လက်နက် လေးလက် အပါအဝင် ကားတစ်စီးသိမ်းဆည်းရရှိခဲ့တယ်လို့ CDF-CDM Siyin တပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။
မနေ့က ဖလမ်းကိုတက်လာတဲ့အထဲမှာ စစ်တပ်ဘောမ ကျော်စိုးဦးလည်းပါလာပြီး သူစီးလာတဲ့ကားကိုပစ်ခတ်ခဲ့ပေမယ့် လွတ်မြောက်သွားတယ်လို့ သိရပါတယ်။
ဖလမ်းမြို့ဟာ ချင်းတော်လှန်ရေးအင်အားစုတွေက ၂၀၂၄ ခုနှစ်ဧပြီက သိမ်းပိုက်ခဲ့ပြီး အကြမ်းဖက်စစ်တပ်က ၂၀၂၅ အောက်တိုဘာလကုန်ပိုင်းမှာ တန်ပြန်ထိုးစစ်ဆင်လာပြီး ၇ လနီးပါးခန့်အကြာ ဧပြီလ ၂၅ ရက်နေ့မှာ ပြန်လည်သိမ်း ပိုက်ခဲ့တာဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်က ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်ပြီးနောက်မှာ စစ်အုပ်ချုပ်ရေးယန္တရားပြန်လည်စတင်ဖို့ ကလေးမြို့ကနေ Non-CDM ဝန်ထမ်း ၁၀၀ ကျော်ကို မနေ့က စေလွှတ်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ အကြမ်းဖက်စစ်တပ်တွေဟာ တီးတိန်မြို့ကို စစ်ကြောင်းထိုးနေသလို ဖလမ်း-ဟားခါးလမ်းဘက်မှာ လည်း စစ်ကြောင်းထိုးနေပါတယ်။




Comments