top of page

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ရဲ့ ကနေဒါနိုင်ငံ ခရီးစဉ် အောင်မြင်စွာပြီးဆုံး

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 10
  • 1 min read

VOC/ June 9, 2026


ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့ရဲ့ ကနေဒါနိုင်ငံသို့ သွားရောက်ခဲ့တဲ့ စည်းရုံးလှုံ့ဆော်ရေးနှင့် ဆက်ဆံရေးတည်ဆောက်ရေး ခရီးစဉ် အောင်မြင်စွာပြီးဆုံးသွားပြီလို့ ဒီကနေ့ မှာ အသိပေးထုတ်ပြန်လာပါတယ်။

ကနေဒါခရီးစဉ်မှာ SCEF ကိုယ်စားလှယ်အဖွဲ့ကနေ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် SCEF အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဇင်မာအောင်၊ SCEF နိုင်ငံခြားရေးအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) မှ စောနီးမရော့ဒ်၊ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) မှ နဲနယ်ပလို နဲ့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ သမ္မတအကြံပေး ဦးကျော်ဇောတို့ ပါဝင်ခဲ့ကြပါတယ်။

ကနေဒါနိုင်ငံရဲ့ မြို့တော် အော့တဝါမှာ ကနေဒါနိုင်ငံခြားရေး ဝန်ကြီးရဲ့ ပါလီမန်အတွင်းဝန်ဖြစ်သူ ဂုဏ်ထူးဆောင် ရော့ဘ် အိုလီဖန့် (Honourable Rob Oliphant)၊ ဝန်ကြီးများ၊ ပါလီမန်အမတ်တွေဖြစ်ကြတဲ့ ဂါးနက် ဂျဲနူးစ် (Garnett Genuis) နှင့် အာဒမ် ချိန်ဘာစ် (Adam Chambers) အပါအဝင် ကနေဒါနိုင်ငံရေးသမားများနှင့် အပြုသဘော ဆောင် သော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

၎င်းတို့ဟာ မြန်မာ့ဒီမိုကရေစီအရေး ပါလီမန်မိတ်ဆွေများအဖွဲ့ (Parliamentary Friends of a Democratic Burma) ရဲ့ ကိုယ်စားလှယ်များလည်း ဖြစ်ကြပါတယ်။

SCEF ကိုယ်စားလှယ်အဖွဲ့နှင့် ကနေဒါနိုင်ငံတာဝန်ရှိသူတွေဟာ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေမယ့် အခွင့်အလမ်းများ၊ ပူးပေါင်း ဆောင်ရွက်ရမယ့် ကဏ္ဍများ၊ ထိရောက်သော လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီပေးအပ်မှုများနှင့် မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး အတွက် ပံ့ပိုးကူညီမှုများကို ထုတ်ဖော်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကိုယ်စားလှယ်အဖွဲ့ဟာ အော့တဝါမြို့ရှိ လူမှုအခြေပြု အဖွဲ့အစည်းများ နှင့်လည်း ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန်နှင့် ဖက်ဒရယ်စနစ် ဖော်ဆောင်ရန် ပူးပေါင်း ဆောင်ရွက်နိုင်မယ့် နည်းလမ်းများကို ဖော်ထုတ်ခဲ့ကြတယ်လို့ဆိုပါတယ်။

တိုရွန်တိုမြို့မှာတော့ ကိုယ်စားလှယ်အဖွဲ့ဟာ ကုလသမဂ္ဂဆိုင်ရာ ကနေဒါသံအမတ်ကြီးဟောင်းနှင့် အွန်တေးရီးယိုး ပြည်နယ် ဝန်ကြီးချုပ်ဟောင်းဖြစ်သူ ဂုဏ်ထူးဆောင် ဘော့ဘ်ရေး (Hon. Bob Rae) နှင့် တိုရွန်တိုတက္ကသိုလ်၊ မန့်ခ် ကမ္ဘာ့ရေးရာနှင့် ပြည်သူ့မူဝါဒရေးရာကျောင်း (Munk School of Global Affairs and Public Policy) မှာ အလွန်ကောင်းမွန်သော တွေ့ဆုံမှုကို ပြုလုပ်ခဲ့ပြီး နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုများ၊ ဖက်ဒရယ်စနစ်နှင့် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုရွန်တိုတက္ကသိုလ်ရှိ မြန်မာ့မူဝါဒနှင့် လူထုအသိပညာပေး ဗဟိုဌာန (MyPACK Hub) နှင့်လည်း ဝိုင်းဝန်းကဏ္ဍ ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့ကြပါတယ်။

SCEF ကိုယ်စားလှယ်အဖွဲ့ဟာ ကနေဒါအရှေ့ပိုင်းရှိ လန်ဒန်မြို့နှင့် တိုရွန်တိုမြို့များ၊ ကနေဒါအနောက်ပိုင်းရှိ ဗန်ကူးဗားမြို့များရှိ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူ အဝေးရောက်မြန်မာအသိုင်းအဝိုင်းနှင့်လည်း လူထုတွေ့ဆုံပွဲများကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။

ယခုခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် ဖက်ဒရယ် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့အတွက် ကနေဒါနိုင်ငံရဲ့အရေးပါမှုကို ပေါ်လွင်ထင်ရှားစေပြီး ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုအားကောင်းလာစေတယ်လို့ SCEF ကထုတ်ပြန်ထားပါတယ်။



 
 
 

Comments


bottom of page