ပညာရေးပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်တဲ့ ဘယ်လ်ဂျီယံဆန္ဒပြပွဲမှာ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွား
- thevoiceofchinland
- Jun 5
- 1 min read
VOC/ June 5, 2026
ဘယ်လ်ဂျီယံနိုင်ငံရဲ့ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု အစီအစဉ်အချို့ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲဟာ အကြမ်းဖက်မှုအသွင် ပြောင်းလဲသွားခဲ့ပါတယ်။ ဒါကြောင့် ကြာသပတေးနေ့က ဘရပ်ဆဲလ်မြို့မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့အကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။
မြို့တော်ရဲ့ အဓိကရထားဘူတာရုံ အနီးတစ်ဝိုက်မှာတော့ ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ပြီး စက်ဘီးတွေနဲ့ လမ်းဆိုင်းဘုတ်တွေ ပြန့်ကျဲနေသလို၊ ဆိုင်အချို့ရဲ့ ပြတင်းပေါက်မှန်တွေလည်း ရိုက်ခွဲခံခဲ့ရပါတယ်။ ဆန္ဒပြသူတွေကို လူစုခွဲဖို့အတွက် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ သုံးခဲ့ရပြီး၊ အခြေအနေတွေကြောင့် အဓိကရထားဘူတာရုံ ပတ်ဝန်းကျင်ကို ရှောင်ကွင်းသွားလာကြဖို့ ဘရပ်ဆဲလ်ရဲတပ်ဖွဲ့က ပြည်သူတွေကို အကြံပြုထားပါတယ်။
ဘယ်လ်ဂျီယံ မီဒီယာတွေရဲ့ ဖော်ပြချက်အရ နာမာ (Namur) နဲ့ ချာလာရွိုင်း (Charleroi) အပါအဝင် အခြား ပြင်သစ်စကားပြော မြို့တွေမှာလည်း ဆန္ဒပြပွဲတွေ ရှိခဲ့ပေမဲ့ ဘရပ်ဆဲလ်မြို့နဲ့စာရင်တော့ ပိုပြီးငြိမ်သက်မှု ရှိခဲ့ပါတယ်။
အခုလို ဆန္ဒပြရတဲ့ အကြောင်းရင်းကတော့ ပြင်သစ်ဘာသာစကား ပညာရေးကို ကြီးကြပ်တဲ့ ဘယ်လ်ဂျီယံ ပြင်သစ်လူမှုအသိုင်းအဝိုင်း အစိုးရက ကျောင်းသားအများစုအတွက် တစ်နှစ်တာ ကျူရှင်ကြေးကို ယူရို ၈၃၅ ကနေ ယူရို ၁,၁၉၄ (အမေရိကန်ဒေါ်လာ ၁,၂၈၀ ခန့်) အထိ တိုးမြှင့်ဖို့ စီစဉ်နေတာကြောင့် ဖြစ်ပါတယ်။
ဒီပမာဏဟာ နိုင်ငံတကာစံနှုန်းတွေနဲ့ ယှဉ်ရင် နည်းပါးသေးတယ်ဆိုပေမဲ့ ၃၅ ရာခိုင်နှုန်းအထိ အဆမတန် တိုးလာတာ ဖြစ်ပါတယ်။ အစိုးရဘက်ကတော့ ဒါဟာ ကုန်ကျစရိတ် လျှော့ချရေး အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သလို ဒတ်ချ်စကားပြော တက္ကသိုလ်တွေရဲ့ ကျောင်းလခနှုန်းထားတွေနဲ့ ညီမျှသွားအောင် ညှိနှိုင်းပြင်ဆင်ရတာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။
Source - Reuters




Comments