top of page

ပင်နယ်တီအဆုံးအဖြတ်နဲ့ ပါရာဂွေးကို ရှုံးနိမ့်ပြီး ကမ္ဘာ့ဖလားကို နှုတ်ဆက်လိုက်ရတဲ့ ဂျာမနီ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 30
  • 1 min read

VOC/ Sports/ June 30, 2026


၂၀၂၆ ကမ္ဘာ့ဖလား ရှုံးထွက် ၃၂ သင်းအဆင့်အဖြစ် Boston ကွင်းကြီးမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျာမနီနဲ့ ပါရာဂွေးတို့ပွဲမှာ ပရိသတ်တွေ မထင်မှတ်ထားတဲ့ ရလဒ်တစ်ခု ထွက်ပေါ်ခဲ့ပြီး ဂျာမနီအသင်းဟာ ပင်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

ပုံမှန်ပွဲချိန်နဲ့ အချိန်ပိုအပြီး ၁-၁ သရေကျခဲ့တဲ့ ဒီပွဲမှာ ပါရာဂွေးက ပင်နယ်တီအဆုံးအဖြတ် ၄-၃ ဂိုးနဲ့ အနိုင်ရရှိပြီး ရှုံးထွက် ၁၆ သင်းအဆင့်ကို သမိုင်းဝင် တက်ရောက်သွားခဲ့ပါတယ်။ ဂျာမနီကတော့ ဗိုလ်စွဲရေး ရေပန်းစားခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပေမယ့် မျှော်လင့်မထားတဲ့နည်းနဲ့ ကမ္ဘာ့ဖလားကို နှုတ်ဆက်ခဲ့ရတာ ဖြစ်ပါတယ်။

ပွဲအစကတည်းက ပါရာဂွေးနည်းပြ Gustavo Alfaro ရဲ့ သိပ်သည်းတဲ့ 4-5-1 ခံစစ်ကစားကွက်ကြောင့် ဂျာမနီဟာ ကွင်းလယ်မှာ တိုက်စစ်တည်ဆောက်ရာမှာ အခက်တွေ့ခဲ့ပါတယ်။ ပထမပိုင်းမှာ ဂျာမနီက ဘောလုံးပိုင်ဆိုင်မှု ၇၉ ရာခိုင်နှုန်းအထိ ရယူနိုင်ခဲ့ပြီး ဘောလုံးပေးပို့မှု ၃၀၈ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပေမယ့် ပါရာဂွေးခံစစ်ကို ထိထိရောက်ရောက် မဖောက်နိုင်ခဲ့ပါဘူး။

ပွဲချိန် ၂၈ မိနစ်မှာတော့ ပါရာဂွေးက မထင်မှတ်ထားတဲ့ ဦးဆောင်ဂိုးကို ရရှိခဲ့ပါတယ်။ Miguel Almirón ရဲ့ ထောင့်ကန်ဘောကို ဂျာမနီဂိုးသမား Manuel Neuer လက်သီးနဲ့ ထိုးထုတ်ခဲ့ပေမယ့် ဘောလုံးပြန်ရသွားတဲ့ Matías Galarza က ဖြတ်တင်ပေးခဲ့ပြီး Julio Enciso က ဂျာမနီခံစစ်ရဲ့ လူအမှတ်အသားလွတ်ဟာကွက်ကို အသုံးချကာ ခေါင်းတိုက်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ဂျာမနီနည်းပြ Juliagelsmann က Felix Nmecha နေရာမှာ Leon Goretzka ကို လူစားလဲကာ ကွင်းလယ်ကို ပြန်ထိန်းဖို့ ကြိုးစားခဲ့ပါတယ်။ ပွဲချိန် ၅၄ မိနစ်မှာတော့ Florian Wirtz ရဲ့ ဘယ်တောင်ပံက ဖြတ်တင်ဘောကို Kai Havertz က ခေါင်းတိုက်သွင်းယူပြီး ဂျာမနီအတွက် ချေပဂိုး ရယူပေးခဲ့ပါတယ်။

အဲ့ဒီနောက် ဂျာမနီက တောက်လျှောက် ဖိအားပေးကစားခဲ့ပေမယ့် ပါရာဂွေးခံစစ်ကို နောက်ထပ် မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ မိနစ် ၉၀ နဲ့ အချိန်ပိုအပြီး ၁-၁ သရေရလဒ်ကြောင့် ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရပါတယ်။

ပင်နယ်တီအဆုံးအဖြတ်မှာ ဂျာမနီဘက်က Kai Havertz၊ Nick Woltemade နဲ့ Jonathan Tah တို့ လွဲချော်ခဲ့ပြီး ပါရာဂွေးက ၄-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲဟာ ဂျာမနီအသင်းအတွက် ၁၉၇၆ ခုနှစ်နောက်ပိုင်း ပင်နယ်တီအဆုံးအဖြတ်မှာ ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့ရတဲ့ သမိုင်းဝင်ပွဲတစ်ပွဲလည်း ဖြစ်လာခဲ့ပါတယ်။


Source: X, Fx Sport



 
 
 

Comments


bottom of page