ပခုက္ကူမြို့နယ် မြစ်ခြေမြို့မှာ အကြမ်းဖက်စစ်တပ်က အရပ်သားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်
- thevoiceofchinland
- Jun 5
- 1 min read
VOC/ June 5, 2026
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့နဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်း ထိုးဝင်ရောက်ပြီး အရပ်သားပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်နေတယ်လို့ သိရပါတယ်။
ပခုက္ကူအခြေစိုက် တပ်မ ၁၀၁၊ ညောင်ဦးအခြေစိုက် ခလရ-၄၁၅ နဲ့ အောင်သာရွာက ပျူစောထီးတွေ ပူးပေါင်းထားတဲ့ အင်အား ၅၀၀ ခန့်ပါ အကြမ်းဖက်စစ်ကြောင်းဟာ ပုဂံမြို့တဖက်ကမ်းမှာရှိတဲ့ မြစ်ခြေမြို့ဘက်ကို မေလ ၁၀ ရက်နေ့က စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မေလ ၁၀ ရက်ကနေ ၃၁ ရက်နေ့အထိ ရက်ပေါင်း ၂၀ အတွင်းမှာ မြစ်ခြေမြို့အပါအဝင် အနီးနား ပတ်ဝန်းကျင်ကျေးရွာပေါင်း ၁၀ ရွာကျော်က လူနေအိမ်ခြေ တစ်ထောင်ကျော်ကို မီးရှိုဖျက်ဆီးခဲ့သလို အရပ်သားပြည် သူ ၂၅ ယောက်ထက်မနည်းကိုလည်း အစုလိုက်အပြုံလိုက်ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုထံကနေ သိရပါတယ်။
ဇွန်လ ၂ ရက်နေ့မှာ အကြမ်းဖက်စစ်ကြောင်းတွေ မြစ်ခြေမြို့ပေါ်ကနေ ပြန်ထွက်သွားလို့ ဒေသခံတွေ မြို့ထဲဝင်ကြည့်ချိန် ပြန့်ကြဲ၊ ပုပ်ပွနေတဲ့ အလောင်းတွေ၊ မြေမြှုပ်ထားတဲ့ အလောင်းတွေနဲ့ မီးရှို့ထားတဲ့ အရိုးစုတွေ အများအပြား တွေ့ရ တယ်လို့လည်း သိရပါတယ်။
ပုပ်ပွနေတဲ့ အလောင်းတွေသာမက မြေမြှုပ်ထားတဲ့ အလောင်းနဲ့ မီးရှို့ထားတဲ့ အရိုးစုတွေအပါအဝင် သတ်ဖြတ်ခံရသူ ၄၀ ထက်မနည်း ရှိမယ်လို့ ခန့်မှန်းထားကြပြီး အဲဒီထဲမှာ အမျိုးသမီး၊ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကြောင်းဟာ မြစ်ခြေမြို့မဈေးကြီးတစ်ခုလုံးအပြင် မြို့ပေါ်ရပ်ကွက်တွေနဲ့ အနီးနားရှိ မိုးနတ်ကုန်း၊ ဆွဲကြီး၊ ထနောင်းကုန်း၊ ရွာသာအေး၊ ကြောင်ပန်းခုံ၊ ဖိုလ်ကုန်း၊ ထနောင်းကုန်း ၊မကျီးကုန်း၊ ထန်းတောချောက် ၊ကူကျွန်း၊ လက်ပံပင်၊ ညောင်ပင်၊ နံဂါတ် စတဲ့ ကျေးရွာ/ရပ်ကွက် ပေါင်း (၁၁) ခုထက်မနည်းကို နေ့ရောညပါ မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
ဒေသခံပြည်သူ ၆ သောင်းဝန်းကျင်ကနေ ၈ သောင်းခန့်အထိ အိုးအိမ်စွန့်ခွာပြီး တောတောင်တွေထဲ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။







Comments