ပြည်အကျဥ်းထောင်မှာ ကျန်းမာရေးစောင့်ရှောက်မှုမလုံလောက်မှုကြောင့် နိုင်ငံရေးအကျဥ်းသားတစ်ဦးကွယ်လွန်
- thevoiceofchinland
- May 29
- 1 min read
VOC/ May 28, 2026
ပဲခူးတိုင်း၊ ပြည်အကျဥ်းထောင်မှာ ကျန်းမာရေးစောင့်ရှောက်မှုမလုံလောက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား ကိုမြင့်နိုင်(ခေါ်) မြင့်စိုး ကွယ်လွန်ခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဒီကနေ့မှာထုတ်ပြန်ပါတယ်။
သွေးတိုးရောဂါအခံရှိသူ ကိုမြင့်နိုင်ဟာ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ မနက် ၆ နာရီဝန်းကျင်မှာ လေဖြတ်ဝေဒနာ စတင်ခံစားခဲ့ရပြီး အဲဒီလိုဖြစ်ပွားပြီးနောက် သုံးနာရီခန့်အကြာ မနက် ၉ နာရီကျမှသာ ပြည်မြို့နယ် ကုတင် (၅၀၀) ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုခံယူခဲ့ရတယ်လို့ဆိုပါတယ်။
ထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု အချိန်မီ ကောင်းမွန်စွာ မရရှိခဲ့ခြင်းနှင့် ရောဂါပြင်းထန်မှုကြောင့် မေလ ၂၃ ရက်နေ့ ည ၁၁ နာရီဝန်းကျင်မှာ ဦးနှောက်သွေးကြောပေါက်ကာ ဆေးရုံမှာပင် ကွယ်လွန်သွားတာလို့ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်ကပြောပါတယ်။
ကိုမြင့်နိုင်ရဲ့ရုပ်အလောင်းကို မေလ ၂၄ ရက်နေ့ ညနေ ၃ နာရီမှာ ပြည်မြို့ "အေးငြိမ်းရာ" ဘာသာပေါင်းစုံသုဿန်သို့ ပို့ဆောင်ကာ မီးသဂြိုဟ်ခဲ့ကြတယ်လို့သိရပါတယ်။
ကိုမြင့်နိုင်ဟာ အဖမ်းမခံရမီက တက္ကစီယာဉ်မောင်းတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ စစ်တပ်က မတရားဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အလုံခရိုင်တရားရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(ဂ)၊ ၅၀(ဈ) တို့ဖြင့် ၂၀၂၅ ခုနှစ်၊ မေလ ၃ ရက်နေ့မှာ ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခံရပြီး၊ အင်းစိန်ထောင်ကနေ ပြည်အကျဉ်းထောင်သို့ ပြောင်းရွှေ့ချုပ်နှောင် ခံရတာဖြစ်ပါတယ်။
ကိုမြင့်နိုင်နှင့်အတူ တစ်မှုတည်းဖြင့် ဖမ်းဆီးခြင်းခံခဲ့ရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(ဂ)၊ ၅၀(ဇ) တို့ဖြင့် ထောင်ဒဏ် (၁၀) နှစ် အမိန့်ချမှတ်ခံထားရတဲ့ ဇနီးဖြစ်သူဟာလည်း လက်ရှိမှာ အင်းစိန်ထောင်မှာ မတရား ဖမ်းဆီးချုပ် နှောင်ခံထားရတယ်လို့သိရပါတယ်။




Comments