top of page

ပြင်သစ်နိုင်ငံ အီဗီယန်မြို့မှာ G7 ထိပ်သီးအစည်းအဝေး စတင်

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 16
  • 1 min read

VOC/ June 15 2025


ပြင်သစ်နိုင်ငံအရှေ့ပိုင်း ဂျီနီဗာအိုင်ကမ်းခြေက အပန်းဖြေမြို့ အီဗီယန်-လယ်-ဘန်း (Évian-les-Bains) မှာ ၅၂ ကြိမ်မြောက် G7 ထိပ်သီးအစည်းအဝေးကို ဇွန်လ ၁၅ ရက်နေ့က စတင်ကျင်းပလိုက်ပါတယ်။

ဇွန်လ ၁၇ ရက်နေ့အထိ ကျင်းပမယ့် ဒီအစည်းအဝေးမှာ ကမ္ဘာ့ခေါင်းဆောင်တွေဟာ ယူကရိန်းစစ်ပွဲ၊ အီရန်အရေး၊ ဂါဇာပဋိပက္ခ၊ ကမ္ဘာ့စီးပွားရေးလုံခြုံမှု၊ ကုန်သွယ်ရေးနဲ့ ဉာဏ်ရည်တု (AI) နည်းပညာဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

အီဗီယန်ရေသန့် ထွက်ရှိရာအရပ်အဖြစ် လူသိများတဲ့ ဒီမြို့လေးဟာ ၂၀၀၃ ခုနှစ်က G8 ထိပ်သီးအစည်းအဝေးကိုလည်း လက်ခံကျင်းပခဲ့ဖူးပါတယ်။

အိမ်ရှင် ပြင်သစ်သမ္မတ မက်ခရွန်က အမေရိကန်-အီရန် ငြိမ်းချမ်းရေးသဘောတူညီချက်ရဲ့အကျိုးဆက်တွေ၊ ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေး၊ လက်ဘနွန်ကို ထောက်ပံ့ကူညီရေးနဲ့ အီရန်ရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည် အစီအစဉ်များအတွက် ရေရှည်သဘောတူညီချက်ရရှိရေးတို့ကို ခေါင်းဆောင်တွေ ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ကနေဒါနိုင်ငံမှာ ကျင်းပခဲ့တဲ့ G7 အစည်းအဝေးကနေ အမေရိကန်သမ္မတ ထရမ့်ဟာ အီရန်အရေးကို ကိုင်တွယ်ဖို့ စောစောပြန်သွားခဲ့ဖူးတာကြောင့် မက်ခရွန်က ဒီတစ်ကြိမ်မှာတော့ ထရမ့်ကို အစည်းအဝေးတစ်လျှောက် ဆက်လက်ပါဝင်စေဖို့ ကြိုးပမ်းနေပါတယ်။

ယူကရိန်းသမ္မတ ဇလန်းစကီးဟာ အင်္ဂါနေ့မှာ ရောက်ရှိလာမှာ ဖြစ်ပြီး ယူကရိန်းစစ်ပွဲအရေး ဆွေးနွေးမှာဖြစ်သလို၊ အီဂျစ်သမ္မတ ဖာတာ အယ်လ်စီစီ အပါအဝင် အာရပ်ခေါင်းဆောင်တွေကလည်း အီရန်အရေး ဆွေးနွေးပွဲတွေမှာ ပါဝင်ကြမှာ ဖြစ်ပါတယ်။ ဘရာဇီး၊ အိန္ဒိယ၊ ကင်ညာနဲ့ တောင်ကိုရီးယား ခေါင်းဆောင်တွေလည်း ဖိတ်ကြားထားတယ် ဟုသိရပါတယ်။

ဒီနှစ် G7 အစည်းအဝေးမှာ AI နည်းပညာကလည်းအဓိကဆွေးနွေးမယ့် အကြောင်းအရာတွေထဲမှာ ပါဝင်နေပြီး OpenAI အမှုဆောင်အရာရှိချုပ် ဆမ် အော့တ်မန်း၊ Anthropic အမှုဆောင်အရာရှိချုပ် ဒါရီယို အာမိုဒီနဲ့ Mistral AI အမှုဆောင်အရာရှိချုပ် အာသာ မန့်ရှ်တို့ဟာ ကလေးသူငယ် တွေကို ဒီဂျစ်တယ် ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်ကြမှာ ဖြစ်ပါတယ်။

သမ္မတ ထရမ့်ဟာ ဇွန်လ ၁၅ ရက်နေ့က မက်ခရွန်နဲ့ တွေ့ဆုံခဲ့ပြီး G7 ခေါင်းဆောင်တွေနဲ့ ညစာစားပွဲ တက်ရောက်ခဲ့ပါတယ်။ အစည်းအဝေးအပြီးမှာလည်း ဗာဆိုင်းနန်းတော်မှာ မက်ခရွန်နဲ့ သီးသန့်ညစာ စားသုံးဖို့ ရှိပါတယ်။

G7 ခေါင်းဆောင်တွေဟာ ကမ္ဘာ့စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေအပြင် ရှားပါးမြေဒြပ်စင်ဈေးကွက်အပေါ် တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုကိုလည်း ဆွေးနွေးသွားဖို့ ရှိနေပါတယ်။


Source: AP, President Macron X account



 
 
 

Comments


bottom of page