top of page

နိုင်ငံရေးအကျဉ်းသားဟောင်း ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကွယ်လွန်

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 2
  • 1 min read

VOC/ June 2, 2026


နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်းဖြစ် လူ့အခွင့်အရေးမှတ်တမ်းရုပ်ရှင်တွေပုံဖော်ဖန်တီးသူအဖြစ်လူသိများတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ ဒီကနေ့ဇွန်လ ၂ ရက်နေ့မှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

အသက် ၆၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မင်းထင်ကိုကိုကြီးဟာ ယနေ့မနက်အစောပိုင်းမှာ အသည်းကင်ဆာရောဂါဖြင့် ကွယ် လွန်သွားခဲ့တာလို့ နီးစပ်သူအနုပညာအသိုင်းအဝိုင်းထံကနေသိရပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ ၂၀၀၀ ပြည့်နှစ်ကျော်ကတည်းက မှတ်တမ်းရုပ်ရှင်တွေရိုက်ကူးလာခဲ့သူဖြစ်ပြီး ထိုင်း နိုင်ငံအတွင်း ပြောင်းရွှေ့အခြေချတဲ့ လူနည်းစုတိုင်းရင်းသားမျိုးနွယ် ပဒေါင်လူမျိုးတွေအကြောင်း ရိုက်ကူးထားတဲ့ မနုဿလှောင်ချိုင့် “Human Zoo” နဲ့ အင်းလေးဒေသက ခရမ်းချဉ်သီးစိုက်ပျိုးရေးနှင့် ဂေဟစနစ်ပျက်စီးမှုအကြောင်း ရိုက်ကူးထားတဲ့ အင်းသီး “The Floating Tomatoes” မှတ်တမ်းရုပ်ရှင်တွေဟာ ထင်ရှားခဲ့ပါတယ်။

ကဗျာဆရာတစ်ဦးလည်းဖြစ်တဲ့ မင်းထင်ကိုကိုကြီးဟာ ၂၀၁၂ ခုနှစ်မှာ လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံကို တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ “လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်” ကို ကျင်းပခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်တမ်းရုပ်ရှင်ကိုလည်း ရိုက်ကူးခဲ့သူဖြစ်သလို ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးရေး မှာလည်း ဒါရိုက်တာအဖြစ် အစောဆုံး ပါဝင်ခဲ့ပြီး နောက်ပိုင်း နုတ်ထွက်သွားခဲ့ပါတယ်။

၂၀၁၉ ခုနှစ်၊ အာဏာမသိမ်းမီကာလက လူမှုကွန်ရက်ပေါ်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဝေဖန်ရေးသားမှုကြောင့် ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် (၁) နှစ် ချမှတ်ခြင်း ခံခဲ့ရပါတယ်။

ဒါ့ပြင် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းတဲ့နေ့မှာလည်း မတရားဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရပြီးနောက်၊ ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် (၂) နှစ် ထပ်မံချမှတ်ခံခဲ့ရပြီး၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါ တယ်။


Source- သံလွင်ခက်/ DVB/ BBC



 
 
 

Comments


bottom of page