နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF)ရဲ့ အမည်ပျက်စာရင်းထဲ မြန်မာဆက်ရှိနေ
- thevoiceofchinland
- Jun 25
- 1 min read
VOC/ June 22, 2026
နိုင်ငံတကာငွေ ကြေး ခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF)က မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာအမည်ပျက်နိုင်ငံ (Black Lists ) စာရင်းထဲ ဆက်လက်ထားရှိကြောင်းသိရပါတယ်။
ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ဇွန်လ ၁၉ ရက်က ကျင်းပတဲ့ FATF ရဲ့ အစည်းအဝေးမှာ ခုလိုဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
မြန်မာမှာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနဲ့ အကြမ်းဖက်မှုဖြစ်စေတဲ့ထောက်ပံ့မှုတွေကို တိုက်ဖျက်ရာမှာ တိုးတက်မှု အရိပ်အယောင်မြင်ရပေမဲ့ အွန်လိုင်းလိမ်လည်မှုနဲ့ ဆိုက်ဘာရာဇဝတ်မှုအန္တရာယ်တွေဆက်လက်မြင့်မားနေတာကြောင့် ဘဏ္ဍာရေးဆိုင်ရာအမည်ပျက်နိုင်ငံ (Black Lists) စာရင်းထဲ ဆက်လက်ထားရှိတာဖြစ်တယ်လို့ FATF က ဆိုပါတယ်။
၂၀၂၆ ခုနှစ် အောက်တိုဘာအထိ အခြေအနေတွေတိုးတက်မှုမရှိရင်တော့ FATF အနေနဲ့ ပိုမိုပြင်းထန်သော တုံ့ပြန် အရေးယူမှုများ (Countermeasures) ချမှတ်ရန် စဉ်းစားသွားမယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ကစပြီး FATF က မြောက်ကိုရီးယား၊ အီရန်တို့နဲ့ တန်းတူ မြန်မာ နိုင်ငံကို အမည်ပျက်နိုင်ငံအဖြစ် သတ်မှတ်ကြေညာခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် မြန်မာနိုင်ငံထဲကနေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာတာ၊ ကျပ်ငွေတန်ဖိုးကျဆင်းကာ ငွေကြေး ဖောင်းပွမှု နဲ့အတူ ကုန်စျေးနှုန်းမြင့်တက်မှုတွေ ဆိုးဆိုးရွားရွားဖြစ်လာပြီး ပြည်သူလူထုအပေါ် ကြီးမားတဲ့ရိုက်ခတ် မှုတွေဖြစ်ပေါ်စေခဲ့တာဖြစ်ပါတယ်။




Comments