ဒေါ်အောင်ဆန်းစုကြည်အပါဝင် မတရားဖမ်းဆီးခံထားရသူအားလုံးကို အမြန်ဆုံးပြန်လွှတ်ဖို့ ဗြိတိန်၊ ဩစတြေးလျ နဲ့ အမေရိကန်သံရုံးတို့ တောင်းဆို
- thevoiceofchinland
- Apr 22
- 1 min read
VOC/ April 22, 2026
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်၊ ဩစတြေးလျ နဲ့ အမေရိကန်သံရုံးတို့က ဒီကနေ့မှာ ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။
နိုင်ငံတော်သမ္မတဦးဝင်းမြင့် နဲ့ အကျဥ်းသားတချို့ ပြန်လည်လွတ်မြောက်လာတဲ့အပေါ်ဗြိတိန်အစိုးရအနေနဲ့ အသိအမှတ်ပြုပြီး အခြားသော နိုင်ငံရေးအကျဉ်းသားများစွာရဲ့ သတင်းကိုလည်း စိုးရိမ်စွာနဲ့ စောင့်မျှော်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးအကြီးအကဲ အန်ဒရူးဂျက်ဆန် က ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဆက်လက်ဖမ်းဆီးခံထားရသူများအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ လည်း တိုက်တွန်းတောင်းဆိုထားပြီး မြန်မာပြည်သူတွေ မျှော်မှန်းထားတဲ့ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီအနာဂတ်အတွက် ယူကေအစိုးရအနေနဲ့ ဆက်လက်ထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။
အကြမ်းဖက်မှုတွေရပ်တန့်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အပြည့်အဝရရှိနိုင်ရေးနဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေဖော်ဆောင်နိုင်ရေးတို့ကိုလည်း ယူကေအစိုးရက ဆက်လက်တောင်းဆိုကြောင်း ဖော်ပြထားပါတယ်။
အလားတူ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးကလည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားသဖြင့် ထိန်းသိမ်းခံထားရဆဲ အကျဥ်းသားတွေအားလုံးကို ချွင်းချက်မရှိလွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ လိုအပ်နေသူအားလုံးကို ခွဲခြားမှုမရှိဘဲ လူသားချင်း စာနာမှုအကူအညီတွေ လုံခြုံစွာ အဟန့်အတားမရှိ လက်လှမ်းမီစေဖို့၊ စစ်မှန်ပြီး အားလုံး ပါဝင်တဲ့ ဆွေးနွေးမှု လုပ်ဆောင်ရေး ကတိကဝတ်ပြုဖို့ သြစတြေးလျသံရုံးက တောင်းဆိုထားပါတယ်။
ဒီအကျပ်အတည်းကိုဖြေရှင်းရာမှာ အာဆီယံရဲ့ အခရာကျတဲ့အခန်းကဏ္ဍကိုလည်း ပံ့ပိုးထောက်ခံတယ်လို့ ဆိုထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကတော့ မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် သမ္မတဦးဝင်းမြင့်နဲ့ မရှင်ဒေဝီတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လည်လွတ်မြောက်လာတဲ့ အပေါ် ကြိုဆိုတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆက်လက်တိုက်တွန်း သွားမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဖြစ်စဉ်ကိုလည်း ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့ ဖော်ပြထားပါတယ်။







Comments