ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ကမ္ဘာလုံးဆိုင်ရာ Proof of Life တောင်းဆိုမှု ပြုလုပ်ကြဖို့ သားဖြစ်သူ ကိုထိန်လင်း တိုက်တွန်း
- thevoiceofchinland
- May 29
- 1 min read
VOC/ May 29, 2026
အာဏာသိမ်းအကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီးချုပ်နှောင်ထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ကမ္ဘာလုံးဆိုင်ရာ Proof of Life တောင်းဆိုမှုတွေ ပြုလုပ်ကြဖို့ သားဖြစ်သူ ကိုထိန်လင်း က တိုက်တွန်းပြောကြားလိုက်ပါတယ်။
ယခုလာမယ့် ဇွန်လ ၁၉ ရက်နေ့ဟာ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်မြောက် မွေးနေ့ဖြစ်ပြီး သက်ရှိထင်ရှားရှိနေကြောင်းပြသဖို့ တောင်းဆိုတဲ့အနေနဲ့ ခြေလှမ်း ၈၁၀၀၀ ၊ ကီလိုမီတာ ၈၁ ပြေးတာ နဲ့ မိုင် ၈၁ မိုင် စက်ဘီးစီးတာတွေ ပြုလုပ်ပြီး Proof of Life လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ပေးကြဖို့ ကိုထိန်လင်း က ပြောပါတယ်။
"အခုလာမဲ့ ဇွန်လမှာ ကျွန်တော့်မေမေ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက်မွေးနေ့ အနေနဲ့ မေမေ သက်ရှိထင်ရှားရှိကြောင်း သက်သေပြဖို့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်တောင်းဆိုမှုမှာ ပါဝင်ပေးပါ။ ခြေလှမ်း ၈၁၀၀၀ လျှောက်လို့ရပါတယ်။ ကီလိုမီတာ ၈၁ ပြေးနိုင်ပါတယ်။ မိုင် ၈၁ စက်ဘီးစီးလို့လည်းရပါတယ်။ ဒါမှမဟုတ် ကိုယ့်အတွက် အဓိပ္ပါယ်ရှိတဲ့နည်းတစ်ခုခုနဲ့ ပါဝင်နိုင်ပါတယ်။" လို့ ကိုထိန်လင်း က ပြောကြားထားပါတယ်။
အကြမ်းဖက်စစ်တပ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အရင်ထိန်းသိမ်းထားတဲ့နေရာကနေ လူမသိတဲ့ လျှို့ ဝှက်နေရာတစ်ခုထံ ထပ်မံရွှေ့ပြောင်းလိုက်တာက လွတ်လပ်ခွင့်ရရှိတာ မဟုတ်ဘူးလို့ ကိုထိန်လင်းက ထောက်ပြပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုကို လာမယ့် ဇွန်လ ၁ ရက် ကနေ ဇွန်လ ၁၉ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး ပါဝင်လိုသူတွေဟာ ကိုယ်လက်လှုပ်ရှားမှု သော်လည်းကောင်း၊ မိမိတို့အတွက် အဓိပ္ပာယ်ရှိမယ့် တခြားနည်းလမ်းတစ်ခုခုနဲ့လည်း ပူးပေါင်းပါဝင်နိုင်ကြောင်း နှိုးဆော်ထားပါတယ်။




Comments