ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင် ထပ်မံတိုက်တွန်း
- thevoiceofchinland
- Jul 2
- 1 min read
VOC/ July 1, 2026
မတရားဖမ်းဆီးအကျဉ်းချခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့် မပြုနိုင်ကြောင်း အကြမ်းဖက်စစ်တပ်က ငြင်းပယ်လိုက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံ ရေးအကျဉ်းသားများ အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုနိုင်ငံက ထပ်မံတောင်းဆို လိုက်ပါတယ်။
မနေ့ဇွန်လ ၃၀ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ခေါင်း ဆောင်မင်းအောင်လှိုင်ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဒေါ်ခိုင်ခိုင်စိုးက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မပြုနိုင်ဘူးလို့ ပြောဆိုခဲ့တဲ့အပြီးမှာ ဖိလစ်ပိုင်ဘက်က အခုလို ထပ်မံတိုက်တွန်းလာတာဖြစ်ပါတယ်။
ဖိလိပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက အာဆီယံရဲ့ အချက် ၅ ချက်ပါဘုံသဘောတူညီချက် Five-Point Consensus ကို အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်သူအားလုံးနဲ့ ဆက်လက်ထိတွေ့ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပါ တယ်။
မြန်မာနိုင်ငံအနေနဲ့ အပြုသဘောဆောင်တဲ့ ခြေလှမ်းလှမ်းလာတာနဲ့အမျှ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အထူးသဖြင့် သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးမကောင်းသူတွေ ဖြစ်ကြတဲ့ အခြားအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ အရေးကြီးတယ်လို့ ဖိလိပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။
၂၀၂၆ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာရီယာ သီရီဆာ လာဇာရို က မတရားဖမ်းဆီးခံနေရတဲ့ အသက် ၈၁ နှစ်အရွယ်ရှိ နိုဘလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် ပြုဖို့ ယခုနှစ် မေလ ၆ ရက်နေ့က တရားဝင်တောင်းဆိုခဲ့ပေမယ့် အကြမ်းဖက်စစ်တပ်က ဒေါ်ဆောင်ဆန်းစုကြည် ဟာ ပြစ်ဒဏ်ကျခံနေရတဲ့အကျဉ်းသားဖြစ်တာကြောင့် တွေ့ဆုံခွင့်မပေးနိုင်ဘူးလို့ ငြင်းဆိုခဲ့တာဖြစ်ပါတယ်။




Comments