ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း အကြမ်းဖက်မင်းအောင်လှိုင်က ပြောဆို
- thevoiceofchinland
- Apr 23
- 1 min read
VOC/April 23, 2026
မတရားဖမ်းဆီးအကျဉ်းချခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာ စောင့် ရှောက်ထားတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့တယ်လို့ ရိုက်တာသတင်းဌာနကဖော်ပြပါတယ်။
နေပြည်တော်ကို ၂ ရက်တာခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ထိုင်နိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow ဟာ မနေ့ ဧပြီလ ၂၂ ရက်နေ့က မင်းအောင်လှိုင်နဲ့တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး အာဆီယံက စိုးရိမ်ပူပန်နေကြောင်း ပြောဆိုခဲ့ရာမှာ “ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း နဲ့ သူ့အတွက် အကောင်းဘက်ဖြစ်လာစေဖို့ စဉ်းစားပေးနေကြောင်း ” မင်းအောင်လှိုင်က ပြန်ပြောခဲ့တယ်လို့ ဆိုပါတယ်။
သို့သော်လည်း အသေးစိတ်ပြောဆိုခြင်းမရှိသလို လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ကို မည်သည့်နေရာမှာ ထိန်းသိမ်း ထားတယ်ဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အာဏာသိမ်းစစ်ခေါင်းဆောင်က ခုလိုပြောဆိုလာတာဟာ အာဏာသိမ်းမှုကြောင့် ဘေးဖယ်ခံရတဲ့ စစ်တပ်ကို အာဆီယံ အဖွဲ့ကြီး နဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာစေဖို့အတွက် ပြောဆိုခြင်းသာဖြစ်နိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေကဆို ပါတယ်။
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် အသက် ၈၀ အရွယ်ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခဲ့တာဖြစ်ပြီး ပြင်ပကမ္ဘာနဲ့အဆက်အသွယ် ဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။
နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်တပ်က အမှုပေါင်း ၁၉ မှုဖြင့် ထောင်ဒဏ် ၃၅ နှစ်အထိချမှတ်ခဲ့ပါတယ်။ အဲဒီနောက် ပြစ်ဒဏ် ၂ ကြိမ်လျှော့ပေါ့ကာ ထောင်ဒဏ် ၂၇ နှစ်ကျခံဖို့ကျန်ရှိနေပြီး ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ ပြစ်ဒဏ်ရဲ့ ၆ ပုံတစ်ပုံ လျှော့ပေါ့ခံရတယ်လို့သိရပါတယ်။
လက်ရှိမှာလည်း ကုလသမဂ္ဂ၊ အီးယူ၊ အမေရိကန် နဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းကလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံနေရတဲ့အကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆို နေကြပါတယ်။
တဖက်မှာလည်း ဒေါ်အောင်ဆန်း စုကြည် ကျန်းကျန်းမာမာ ရှိနေကြောင်း သက်သေပြပေးဖို့ Proof of Life ကမ်ပိန်းလှုပ်ရှားမှုကိုလည်း သားဖြစ်သူ ကိုထိန်လင်း(ခေါ်) ကင်မ်အဲရစ်က နဲ့ All in One Piece Movement က စတင်လှုပ်ရှားနေကြပါတယ်။





Comments