ဒုသမ္မတ JD Vance ဆွစ်ဇာလန်သို့ ထွက်ခွာ၊ အမေရိကန်-အီရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် နျူကလီးယားအရေးနှင့် လက်ဘနွန်အပစ်ရပ်ရေး အဓိကဆွေးနွေးမည်
- thevoiceofchinland
- Jun 25
- 1 min read
VOC/ International/ June 20, 2026
အမေရိကန် ဒုသမ္မတ JD Vance ဟာ ဇွန်လ ၂၀ ရက်နေ့မှာ ဆွစ်ဇာလန်နိုင်ငံ Bürgenstock Resort သို့ ထွက်ခွာသွားခဲ့ပြီး အမေရိကန်နဲ့ အီရန်ကြား ရေရှည်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဝင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
Vance က သတင်းထောက်တွေကို ပြောကြားရာမှာ အဓိက ဦးစားပေးဆွေးနွေးမယ့် အကြောင်းအရာနှစ်ခုက အီရန်နျူကလီးယားအစီအစဉ်နဲ့ လက်ဘနွန် အပစ်အခတ်ရပ်စဲရေး ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ “နျူကလီးယားကိစ္စနဲ့ လက်ဘနွန်အပစ်ရပ်ရေးမှာ တိုးတက်မှုရဖို့ မျှော်လင့်ထားတယ်” လို့ Vance က ပြောပါတယ်။
လူဇာန် (Lake Lucerne) နဲ့ Alps တောင်တန်းများကို အပေါ်စီးမှ မြင်နိုင်တဲ့ Bürgenstock Resort ကို ဇွန်လ ၁၇ ရက်ကစပြီး အများပြည်သူဝင်ရောက်ခွင့် ပိတ်ထားပြီး ဆွေးနွေးပွဲများ ပြီးဆုံးမယ့် ဇွန်လ ၂၄ ရက်အထိ ပိတ်ထားမယ်လို့ ဟိုတယ်ဘက်က အတည်ပြုထားပါတယ်။
အီရန်ကိုယ်စားလှယ်အဖွဲ့ကလည်း ဆွစ်ဇာလန်သို့ ရောက်ရှိနေပြီဖြစ်ပြီး အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi နဲ့ လွှတ်တော်ဥက္ကဋ္ဌ Mohammad-Bagher Ghalibaf တို့ တက်ရောက်မယ်လို့ သိရပါတယ်။ ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ IAEA အကြီးအကဲ Rafael Grossi လည်း နျူကလီးယားဆိုင်ရာ နည်းပညာဆွေးနွေးမှုများမှာ ပါဝင်သွားဖို့ ရှိပါတယ်။
ယခုဆွေးနွေးပွဲကို ကာတာနဲ့ ပါကစ္စတန်တို့က ကြားဝင်ညှိနှိုင်းပေးနေပြီး အမေရိကန် အထူးကိုယ်စားလှယ် Steve Witkoff နဲ့ Jared Kushner တို့လည်း ဆွစ်ဇာလန်မှာ ရောက်ရှိနေပြီ ဖြစ်ပါတယ်။
တစ်ဖက်မှာတော့ အီရန်က အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်တောင်ပိုင်းမှ မဆုတ်ခွာသေးကြောင်း စွပ်စွဲပြီး ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားကြောင်း ကြေညာခဲ့သော်လည်း အမေရိကန် CENTCOM က ရေလမ်းကြောင်းမှာ စီးပွားရေးသင်္ဘောသွားလာမှုများ ဆက်လက်ရှိနေပြီး အီရန်က ရေလက်ကြားကို ထိန်းချုပ်ထားခြင်း မရှိကြောင်း ပြောကြားထားပါတယ်။
ဆွေးနွေးပွဲ ပထမနေ့မှာ အီရန်ရဲ့ တောင်းဆိုချက်အရ အစ္စရေး-ဟက်ဇ်ဘိုလာ ပဋိပက္ခအရေးကို အရေးပေါ်အစီအစဉ်အဖြစ် ထည့်သွင်းဆွေးနွေးသွားမယ်လို့ သံတမန်သတင်းရင်းမြစ်များက ဆိုပါတယ်။
Source: X, CBS




Comments